ယနေ့ မေလ ၃၀ ရက်နေ့ နံနက်ပိုင်းက မိုးကုတ်-မန္တလေးလမ်းပေါ်တွင် မိုးကုတ်ဘက်မှ ဆင်းလာသည့် အကြမ်းဖက်စစ်ကောင်စီ၏ယာဉ်တန်း ၄စီးသည် လက်ပံလှ ငွေတောင်တိုးဂိတ်အနီးတွင် မိုင်းဆွဲခံရ၍ လက်နက်ကြီးများနှင့် ရမ်းသမ်းပစ်ခက်မှုများရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
အခင်းဖြစ်သည့်နေရာသို့ လောကဟိတ လူနာယာဉ် ၂စီး ရောက်ရှိလာကြောင်း နယ်ခံတစ်ဦးက ပြောသည်။
“မိုးကုတ်ဘက်ကဆင်းလာတဲ့ ကား၄စီးကို မိုင်းခွဲလိုက်တာ။ နာရေးကားနှစ်စီးနဲ့ သယ်သွားတယ်လို့တော့ကြားတယ်။ သေဆုံးထိခိုက်တော့မသိရသေးဘူး။ ခုချိန်ထိမပြီးသေးဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကို စဉ့်ကူး၊မတ္တရာ၊သပိတ်ကျင်းညီနောင်မဟာမိတ်သုံးဖွဲ့တို့ကရှေ့ထွက်မိုင်းလေးလုံးဖြင့် ဖောက်ခွဲရာ ထိခိုက်မှုရှိကြောင်း၊ ထိခိုက်သည့် အကြမ်းဖက်စစ်သားများအား လူမှုရေးကားနှစ်စီးဖြင့်ပင်လယ်ကြီးရဲကင်းဂိတ်သို့ပို့ဆောင်ပေးခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
အခင်းဖြစ်ပွားရာအနီးရှိရွာသား(၆)ဦးကိုလည်းလက်ပြန်ကြိုးတုပ်၍ဖမ်းဆီးထားကြောင်း ဒေသခံများက ပြောသည်။
အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။
ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့က မန္တလေးတိုင်း စဥ့်ကူးမြို့နယ် မန္တလေး-မိုးကုတ် လမ်းပေါ်ရှိ ရွှေပြည်ရဲကင်းစခန်း တိုက်ခိုက်ခံခဲ့ရပြီး စခန်းမှူးအပါအဝင် အနည်းဆုံး ၃ဦး သေဆုံးခဲ့သည်။
