မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကြောင်းထိုးရမ်းကားနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား ကိုယ်တိုင်ထုတ် လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း 27 Revolution Forceက အသိပေးထုတ်ပြန်သည်။
မြင်းခြံမြို့နယ်အခြေစိုက် 27 Revolution Forceအဖွဲ့က မကွေးတိုင်း၊ မြိုင်မြို့နယ်အထိသွားရောက်ကာ ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့်အတူအကြမ်းဖက်စစ်ကောင်စီတပ်အား သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မေလ ၂၄ ရက်က မြိုင်မြို့နယ်၊ ဝက်သုံးအိုင်ရွာမှ ဒေါင်အိုကြီးကျေးရွာသို့ စစ်ကြောင်းထိုး၍ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသော စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား Urban ကျားကြီးဟု အမည်ပေးထားသော လက်နက်ကြီးဖြင့် ၁၀ချက်ခန့် တရစပ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု 27 Revolution Forceက ပြောသည်။
စစ်ကောင်စီတပ်နှင့်ပျူစောထီးများမှ ပြန်လည်ပစ်ခတ်နိုင်ခြင်းမရှိဘဲ ငြိမ်သက်သွားသည်ဟုဆိုပြီး အကြမ်းဖက်စစ်တပ်နှင့်ပျူစောထီးများဘက်မှ ဒဏ်ရာရသေဆုံးစာရင်းအား စုံစမ်းနေဆဲဖြစ်ကြောင်း 27 Revolution Forceက ပြောသည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအား မဟာမိတ်အဖွဲ့များဖြစ်သော မြင်းခြံခရိုင်၊ တပ်ရင်း အမှတ် ၁၊ 27 Revolution Force၊ Yesagyo Revolution Group(YRG)၊ Urban Underground Revolution Force(UURF)၊ King Cobra တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု အသိပေးသည်။
ထုတ်ပြန်ချက်နှင့်ပတ်သက်၍ 27 Revolution Forceအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။
မေလ ၂၅ ရက် နံနက်ပိုင်းကလည်း မြောင်မြို့နယ်၊ လှေတင်ဦးရွာနှင့် ကူးတို့ကုန်းရွာကြားသို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဒရုန်းဖြင့် အီနာဂါဗုံးသီး နှစ်လုံးကြဲကာ တိုက်ခိုက်ခဲ့သေးသည်။
