စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် မိုးကောင်းကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်အား ဒေသတွင်း မဟာမိတ်အဖွဲ့များက နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ ၁၁ ဦးခန့်သေဆုံးနိုင်ကြောင်း ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့(အောက်ချင်းတွင်း)က သတင်းထုတ်ပြန်သည်။
ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့(အောက်ချင်းတွင်း) ယင်းမာပင်မြို့နယ်မှ တော်လှန်ရေးရဲဘော်များသည် မဟာမိတ်များနှင့်အတူ မိုးကောင်းရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်များကို မေလ ၂၃ရက်က နံနက် ၆ နာရီခွဲခန့်တွင် တစ်ကြိမ်၊ နံနက် ၉ နာရီခန့်တွင် တစ်ကြိမ် တိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။
စစ်ကောင်စီတပ်သည် မိုးကောင်းရွာတွင် တပ်စွဲ၍ ယင်းမာပင်ဒေသတွင်း အခြားကျေးရွာများကို အကြမ်းဖက်ဖျက်ဆီးရန်စီစဥ်နေခြင်း ဖြစ်သည်။
တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးကြောင်း၊ ဒရုန်းတပ်ဖွဲ့က စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ရာတွင်လည်း စစ်သား ၇ဦးခန့်သေဆုံးနိုင်ကြောင်း DGF-အောက်ချင်းတွင်းက ပြောသည်။
အထက်ပါစစ်ဆင်ရေးအား DGF-အောက်ချင်းတွင်း ယင်းမာပင်မြို့နယ်၊ ချင်းတွင်းဂဠုန်ရာဇာပြောက်ကျား တပ်ဖွဲ့၊ မုံရွာတပ်ရင်း (၂)၊ တပ်ရင်း (၃)၊ ရိုးမဖိုက်တာ ပြောက်ကျားတပ်ဖွဲ့၊ ဗျတ္တညီနောင်ပြောက်ကျားတပ်ဖွဲ့၊ ယင်းမာပင် LPDF တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ DGF-အောက်ချင်းတွင်းထံ ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။
စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDF များကြား တိုက်ပွဲများဖြစ်ပွားနေသည့် ယင်းမာပင်မြို့နယ်တွင် စစ်ကောင် စီတပ်က ကျေးရွာများကိုပါ ဝင်ရောက်ခိုးဆိုး အကြမ်းဖက် မီးရှို့မှုများ ပြုလုပ်လျက်ရှိသည်။
