●စစ်ရေးတင်းမာနေဆဲဖြစ်ပြီး တိုက်ပွဲထပ်ဖြစ်နိုင်
မကွေးတိုင်း၊ဂန့်ဂေါမြို့နယ် တောင်ပိုင်းရှိ PDF နှင့်ယောဒေသကာကွယ်ရေးတပ်(YDF) တို့၏ ပူးပေါင်းစခန်းတစ်ခုကို စစ်ကောင်စီတပ်ကရဟတ်ယာဥ်လေးစီးဖြင့် တိုက်ခိုက်ခံရသဖြင့် ထိခိုက်ကျဆုံး မှုအချို့ရှိကြောင်း YDF တာဝန်ရှိသူက လူထုနွေဦးသို့ အတည်ပြုသည်။
“မနေ့က တိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်ကမြေပြင်စစ်ကြောင်းလုံးဝ မသုံးသွားဘူး။ရဟတ်ယာဥ်တွေနဲ့ပဲ ပစ်တာ။ဒါကြောင့် ကျဆုံးမှုအချို့ ရှိခဲ့တာပါ”ဟု ၎င်းက ပြောသည်။
သို့သော် ထိခိုက်ကျဆုံးခဲ့သည့် ရဲဘော်အရေ အတွက် အတိအကျကို လတ်တလော ပြောဆို နိုင်ခြင်းမရှိသေးဟု ၎င်းကဆက်ပြောသည်။

“လေယာဥ်တွေနဲ့ ဝင်စီးခံရတဲ့နေရာက YDF တစ်ခုတည်းမဟုတ်ဘဲ အဖွဲ့စုံရှိတယ်။ကျသွားတဲ့ ရဲဘော်တွေကလည်း တစ်ဖွဲ့တည်းက မဟုတ်ဘူးဗျ။အခု ထိလည်း စစ်ရေးတင်မာနေတယ်။အခြေအနေ မငြိမ်သေးဘူး။တိုက်ပွဲကထပ်ဖြစ်နိုင်တယ်”ဟု ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက People’s Spring သို့ ပြောသည်။
အကြမ်းဖက်စစ်တပ်ဝါဒဖြန့်သူများကမူ ဂန့်ဂေါ တိုက်ပွဲတွင် PDF ရဲဘော် ၇ ဦးသေဆုံးပြီးလက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့သည်ဟု လူမှုကွန်ယက်တွင် ဖြန့်ဝေထားသည်။
လက်ရှိတွင် မြစ်သာဆည်တမံ ပေါ်တွင် စစ်ကောင်စီတပ်က အင်အား ၈၀ ဝန်းကျင်ဖြင့် တပ်စွဲထားပြီး Mi 35 တိုက်ခိုက်ရေးရဟတ်ယာဥ်တစ်စီးပါရှိနေကြောင်း YDF က အသိပေးသည်။

“YDF နဲ့ PDF စိုးမိုးနယ်မြေကို သူတို့ ပြန်ယူဖို့ ကြိုးစားနေတယ်။ဒါပေမယ့် မြေပြင် စစ် ကြောင်းက နေမလာပဲ ဝေဟင်ကနေ သုံးသွားတာ တွေက ရန်သူ စခ တပ်တွေ မြေပြင်စိုးမိုး မှုမရှိဘူးဆိုတာ သက်သေပဲ”ဟု အထက်ပါ တာဝန်ရှိသူက ရှင်းပြသည်။
ယမန်နေ့(မေ ၂၆ ရက်) နံနက် ၁၁ နာရီခန့်ကစ၍ အကြမ်းဖက်စစ်ကောင်စီတပ်က ဂန့်ဂေါမြို့ နယ်၊တောင်ပိုင်း မြစ်သာဆည်အနီးတစ်ဝိုက်ရှိ အရာရှိရိပ်သာကုန်းအနီး Mi 35 နှင့် Mi 17 အမျိုးအစားရဟတ်ယာဥ်လေးစီးအသုံးပြုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် မြစ်သာဆည်ပတ်ဝန်းကျင်ရှိ ပနန်း၊စင်ပုံ၊ယင်းမာ နှင့် စံပယ်ရွာတို့မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟုလည်းဒေသခံအချို့ကပြောသည်။
