စစ်ကောင်စီအင်အားအများအပြားလိုက်ပါလာသော အစီးရေ ၁၀စီးပါ ယာဥ်တန်းသည် ကလေးမြို့နယ်ကိုဖြတ်ပြီး ချင်းတောင်ခြေဘက်သို့ထွက်ခွာသွားသောကြောင့် ဒေသခံများ သတိပြုနေထိုင်ကြရန် ကလေးမြို့ခံများက သတိပေးသည်။
အင်အားပြည့်လိုက်ပါလာသည့် စစ်ကောင်စီယာဥ်၁၀စီးသည် ကလေးမြို့နယ်ကို မေ ၂၆ ရက်နေ့လယ်က ဖြတ်သန်းကာ ချင်းပြည်နယ် တီးတိန်မြို့ဘက်သို့ ထွက်ခွာသွားခြင်းဖြစ်သည်။
“ကား ဆယ်စီးအထိ ချင်းတောင်ဘက်ကို တက်သွားတယ်။ အင်အားအပြည့်ပါတယ်”ဟု ကလေးမြို့ခံတစ်ဦးက ပြောသည်။
အထက်ပါစစ်ကောင်စီ ယာဥ်တန်းသည် မေ ၂၆ ရက် ညနေတွင် တီးတိန်မြို့နယ် သိုင်းငင်းရွာလမ်းဆုံသို့ ရောက်ရှိလာပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ချထားခဲ့ကာ ယာဥ်များ ပြန်လှည့်သွားသည်ဟု People’s Spring က နောက်ဆက်တွဲ စုံစမ်းသိရှိရသည်။
“သိုင်းငင်းလမ်းဆုံမှာ ချထားခဲ့ပြီး တောတိုးမယ်ထင်တယ်။ သိုင်းငင်းမှာက ဟိုတစ်ခါ တိုက်ပွဲ အကြီးအကျယ်ဖြစ်ဖူးတာမို့ ဒေသခံတွေ သတိထားကြပါ “ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလက သိုင်းငင်းကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီအထိနာခဲ့ပြီးနောက် ရွာမှ အရပ်သားနေအိမ်အချို့ကို မီးရှို့ဖျက်ဆီးသွားခဲ့ဖူးသည်။
ကလေးမြို့နယ်တောင်ပိုင်းဒေသ၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်တပ်တို့ကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်ဟု ကလေးမြို့ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားသည်။
