▪️ညွှန်ကြားချက်အရ မီးရှို့မည့်ရွာစာရင်းကို တပ်တွင်းဖရဲသီးမှ ပြောထား၍ ရွာခံများ ကြိုတင်တိမ်းရှောင်
▪️ဘုန်ကြီးကျောင်းမှ ဆေးဝါးနှင့်ပစ္စည်းများအပါအဝင် ရွာမှပစ္စည်းများကို စစ်ကောင်စီတပ် ခိုးယူ သယ်ဆောင်သွား
စစ်ကိုင်းတိုင်း ကနီမြို့နယ် ကင်းရွာကို စစ်ကောင်စီတပ်က ယနေ့နံနက်တွင် မီးရှို့ခဲ့ရာ ရွာရှိ အိမ်ခြေ စုစုပေါင်း၏ သုံးပုံနှစ်ပုံခန့် မီးလောင်ကျွမ်းပျက်စီးခဲ့ရကြောင်း ရွာခံက ပြောသည်။
“လုံး၀ တိုက်ပွဲလည်းမဖြစ်ဘူး သူတို့ကို ဘာမှ ထိပါးရန်စခြင်းမရှိဘဲနဲ့ သပ်သပ်မဲ့ ရည်ရွယ်ချက်ရှိရှိရှို့တာ”ဟု ၎င်းက ဆိုသည်။
ယမန်နေ့ညကတည်းက ကင်းရွာသို့ ရောက်ရှိတပ်စွဲနေသည့် စစ်ကောင်စီတပ်များသည် ယနေ့ မေလ ၂၇ရက် နံနက် ၆နာရီ ၁၅မှစ၍ ရွာကို တစ်အိမ်ဝင်၊ တစ်အိမ်ထွက် လိုက်လံမီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ကင်းရွာခံက ပြောသည်။
“အိမ်ခြေက ၆၀၀ ကျော် ၇၀၀ နီးပါးရှိတာ။ အဲဒါဆိုတော့ အိမ်ခြေ ၄၀၀ မက လောင်သွားမှာပေါ့။ရှို့မယ်ဆိုတာ အကုန်လုံးက မျှော်လင့်ထားတယ်။ ဒီတစ်ခေါက်က ရှို့မယ်ဆိုတဲ့ စာရင်းတွေလည်း ထွက်ထားတယ်။ ရှေ့ရွာတွေ ရှို့တာတွေမှာလည်း မှန်နေတာဆိုတော့ အကုန်လုံးက ပစ္စည်းပစ္စည်းသယ်ကြ သိမ်းကြတာပေါ့။ အိမ်တွေတော့ နစ်နာသွားတာပေါ့။မီးရှို့ခံရမယ့် ရွာစာရင်းတွေကို တပ်တွင်းက ဖရဲသီး သတင်းပေးကသတင်းတော့ ပေးထားတာပေါ့။ ရွာဘက်ကတော့ တစ်ပတ်လောက်ကြိုရှောင်နေကြတာ”ဟု ကင်းရွာခံက ပြောသည်။
စစ်ကောင်စီတပ်များသည် နံနက် ၆နာရီကျော်မှ ၉နာရီခွဲခန့်အထိ ၂နာရီကြာ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ပြီး ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း၊ ထိုသို့ ထွက်ခွာသွားပြီးနောက် ရွာသူရွာသားများက ရွာ၌ရှိသည့် မီးသတ်ကား အသုံးပြုပြီး ဝင်ရောက်မီးငြှိမ်းသတ်ခဲ့သော်လည်း တစ်အိမ်တက် တစ်အိမ်ဆင်း မီးရှို့ခဲ့၍ ရွာတစ်ဝက်ကျော် မီးလောင်ပြာကျခဲ့ရသည်ဟု ဆိုသည်။
“မနေ့က တစ်ညလုံး တပ်စွဲထားပြီး ရွာထဲက ကျန်ခဲ့တဲ့ ပစ္စည်းတွေ သယ်တာပေါ့။ ဘုန်းကြီး ကျောင်းက ပစ္စည်းတွေလည်း မချန်ဘူး။ ဘုန်းကြီးကျောင်းမှာ ဆေးပစ္စည်းတွေ အထွေထွေလှူထားတဲ့ ဆေးတွေကို အုတ်တိုက်ကျောင်းဆောင်လေးတစ်ခုထဲမှာ အကုန်သော့ခတ်သိမ်းထားတာ အဲဒီ ဆေးပစ္စည်းတွေ သိန်း ၃၀ဖိုးလောက်ရှိတယ် အကုန်ပါသွားတယ်။ညပိုင်းမှာ လိုချင်တာ အကုန်ယူပြီး မနက်ခင်းမှာ တစ်ရွာလုံးကို ပတ်ရှို့တာ။ဒီဘက်ကမိုးရွာထားတော့မီးမကူးဘူးလေ။ နောက်ပြီးတော့ ရွာက အကွက်ကျထားတာဆိုတော့ အကုန်ကူးအောင် တမင်ကို လိုက်ရှို့သွားတာ။ ၂နာရီအတွင်း သူတို့ ရှို့နိုင်သမျှ ရှို့သွားတာ။ တစ်ရွာလုံး လုံး အပြောင်ရှို့တာ မီးသတ်ကားကလည်း ရှိတော့ နိုင်သွားတာပေါ့”ဟု ကင်းရွာခံက ပြောသည်။
စစ်ကောင်စီတပ်သည် ယခင်ကလည်း ကင်းရွာကို လာရောက်တပ်စွဲခဲ့ကြောင်း ၊ တပ်စွဲမှု ၅ကြိမ်ပြုလုပ်ခဲ့ပြီး အပြန်တွင် မိုင်းထောင်ခဲ့၍ အမျိုးသမီး မိုင်းထိ သေဆုံးခဲ့ရဖူးကြောင်း ရွာခံက ပြောသည်။ ထို့ကြောင့် လက်တလောတွင် ရွာသူ၊ရွာသားများချက်ချင်း ရွာသို့ ပြန်လည်ဝင်ရောက်နေထိုင်ရန် စိုးရိမ်နေကြရကြောင်း ဒေသခံက ပြောသည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ရက်ပိုင်းကလည်း ကနီနှင့် မင်းကင်းမြို့ နယ်စပ်ရှိ အထက်ကင်းရွာသို့ ဝင်ရောက်ပြီး တစ်အိမ်တက်ဆင်း မီးရှို့ခဲ့၍ နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့သည်။
စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းရှိ မြို့နယ်များကို အင်တာနက်ဖြတ်တောက်ပြီး မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်လုပ်ဆောင်နေခြင်းဖြစ်သည်။ ထိုသို့ ရွာအများအပြားကို ဆက်တိုက် မီးရှို့နေခြင်းကြောင့် မီးလောင်ပျက်စီးသည့် အိမ်အရေအတွက် ခန့်မှန်းဖော်ပြရန်ပင် လတ်တလော ခက်ခဲနေသည်။
