ထိုင်းနိုင်ငံထဲကို ပုံစံအမျိုးမျိုး နည်းလမ်းအမျိုးမျိုးနဲ့ တရားမဝင်နယ်စပ်ဖြတ်ကျော်ပြီး ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ဒီကနေ့မနက်မှာ ထိုင်းအာဏာပိုင်က နယ်စပ်တနေရာမှာရှိတဲ့ လိုဏ်ဂူတခုအတွင်းမှာ ဖမ်းဆီးရမိခဲ့ပါတယ်။
ထိုင်း-မြန်မာနယ်စပ် တာ့ခရိုင် ထာ့ဆောင်မြို့နယ်ထဲက လိုဏ်ဂူထဲမှာ ပုန်းခိုနေထိုင်တဲ့ တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသား ၁၅ ဦး အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၂၅ ဦးကို ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး အဲ့ဒီမြန်မာနိုင်ငံသားတွေဟာ ဂူထဲမှာပုန်းခိုနေထိုင်တာ ရက်ပေါင်းအတန်ကြာပြီလို့လည်း လို့ မဲဆောက်မီဒီယာထံကနေ သိရပါတယ်။



ထာ့ဆောက်ရမ်းမြို့နယ် မဲ့၀လိုဝမ်တိုက်နယ် တောထဲမှာရှိတဲ့ အဆိုပါလိုဏ်ဂူဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို တရားမဝင်လမ်းကြောင်းကနေ ပို့ဆောင်ပေးမယ့် လူကုန်ကူးသူတွေရဲ့ ခရီးတထောက်နားခိုရာစခန်းအဖြစ် အသုံးပြုနေတဲ့နေရာလည်းဖြစ်တယ်လို့ ဒေသတွင်းသတင်းဖော်ပြချက်အရ သိရပါတယ်။
ဖမ်းမိထားတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ထာ့ဆောက်ရမ်းမြို့နယ်ရဲစခန်းကို ပို့ဆောင်လိုက်ပြီး ထိုင်းနိုင်ငံဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ မဲဆောက်မီဒီယာရဲ့ ရေးသားဖော်ပြချက်အရ သိရပါတယ်။
