စစ်ကိုင်းတိုင်းတွင် အဓိကမြို့ကြီးများအပါအဝင်တစ်တိုင်းလုံးနီးပါး ယနေ့(မေ ၂၄ ရက်)မနက်ပိုင်းကစတင်ပြီး အင်တာနက်နှင့်ဖုန်းလိုင်းများပြတ်တောက်နေသည်။
စစ်ကိုင်းတိုင်း၏ မြို့တော် မုံရွာမြို့ကို ယနေ့ မနက်ပိုင်းတွင် အင်တာနက်လိုင်းစတင်ဖြတ်တောက်ထားပြီးတချို့ နေရာများတွင်ဖုန်းလိုင်းပါပြတ်တောက်သွားပြီဖြစ်ကြောင်း မုံရွာမြို့ခံတစ်ဦးကပြောသည်။
စစ်ကောင်စီတပ်က မုံရွာ ၊ရွှေဘို ၊ စစ်ကိုင်း၊ကလေးမြို့ မှအပ စစ်ကိုင်းတိုင်းရှိ ကျန်ဒေသများအားလုံးကို၂၀၂၂ မတ်လ ၄ ရက်မှ စ၍ အင်တာနက်ဖြတ်တောက်ခံထားရပြီး ယနေ့
နံနက်တွင် မူ မုံရွာမြို့ တွင်ပါ အင်တာနက်ရော ၊နေရာအချို့တွင်ဖုန်းလိုင်းများပါ ပြတ်တောက်နေခြင်းဖြစ်သည်။

“ခုလေးပဲဖုန်းဆက်နေရင်း ၇ နာရီအတိမှာဖုန်းပြတ်သွားတယ်” ဟု ကနီ PDF (၂) မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ပြောသည်။
စစ်ကောင်စီတပ်ကစစ်ကိုင်းတိုင်းတွင်မေ ၂၄ ရက်တွင်ဖုန်းနှင့်အင်တာနက်လိုင်းများဖြတ်တောက်မည်ဟုယမန်နေ့ညကသတင်းထွက်ပေါ်ခဲ့ပြီး ဒေသခံပြည်သူများအပေါ် အကြမ်းဖက်စစ်တပ်က ဆိုးရွားစွာအကြမ်းဖက်မည်ကို ပြည်သူများစိုးရိမ်ပူပန်နေကြသည်။
ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးကလည်း ယနေ့ မနက် ၈ နာရီ မိနစ် ၂၀မှစတင်ပြီး MPT, အော်ရီဒူးဖုန်းလိုင်းများ စတင်နှေးကွေးလာပြီး ဖုန်းခေါ်ဆိုမှုများ အဆင်မပြေဖြစ်လာသည်ဟု ထုတ်ပြန်ထားသည်။
မုံရွာ၊ကနီ အပြင် ကန့်ဘလူ၊ခင်ဦး၊ ကျွန်းလှ၊ ပုလဲ၊ ပလက်ဝ၊ ရေဦး၊ ယင်းမာပင် မြို့နှင့်မြို့နယ်တို့တွင်လည်း အင်တာနက်လိုင်းမျာအပြင် ဖုန်းလိုင်းများပါ မေ ၂၄ ရက်( ယနေ့) မနက်ပိုင်းက စတင်ပြတ်တောက်နေကြောင်းဒေသခံများကပြောသည်။ အဆိုပါ မြို့နယ်များသို့ People’s Spring ကဖုန်းခေါ်ဆိုဆက်သွယ်သော်လည်းဆက်သွယ်မရပေ။
“စစ်ကိုင်းကို ပစ်မထားပါနဲ့။ပြည်သူတွေ အနေနဲ့ ရော နိုင်ငံတကာ အနေနဲ့ပါပိုပြီး အာရုံစိုက်ပေးဖို့ တောင်းဆိုပါတယ်။လူမျိုးတုံသတ်ဖြတ်မှုတွေပိုပြီးဖြစ်လာဖို့ အကြမ်းဖက်စစ်တပ် အနေနဲ့ စီစဥ်နေပြီလို့ ပြောချင်တယ်”ဟု ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ပြောသည်။
ထို့အပြင် ယနေ့ နံနက် ၉ နာရီခန့်က စ၍ စစ် ကိုင်းတိုင်းရှိ သက်ဆိုင်ရာ ဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ဖုန်းသို့ လူထုနွေဦးမှချိတ်ဆက်ရာတွင်လည်း အများစုမှ ဖုန်းခေါ်ဆို၍ မရရှိတော့ပေ။
အကြမ်းဖက်စစ်တပ်သည် စစ်ကိုင်းတိုင်းအတွင်း နေအိမ်များမီးရှို့ခြင်းနှင့် ဒေသခံပြည်သူများကို အစုလိုက်ဖမ်းဆီးပစ်သတ်မှုများကို မေလတွင်ပိုမိုကျူးလွန်နေသည်။
စစ်ကောင်စီတပ်က ယခုနှစ်မတ်လ ၄ရက်မှစ၍ စစ်ကိုင်းတိုင်းရှိ မြို့နယ်လေးမြို့နယ်(စစ်ကိုင်း၊မုံရွာ၊ ရွှေဘို၊ကလေး)မှလွဲ၍ ကျန်မြို့နယ်အားလုံး၌ MPT၊ အော်ရီဒူး နှင့် တယ်လီနော စသည့် ဆက်သွယ်ရေးမိုဘိုင်း အင်တာနက်လိုင်းများကို ရက်အကန့်အသတ်မရှိ ထိန်းချုပ်ဖြတ်တောက်ထားသည်။
