ပြည်သူရွေးသည့် အစိုးရဆီမှ အာဏာသိမ်းပြီး ထင်တိုင်းလုပ်နေသည့် စစ်ကောင်စီ ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ စစ်မှန်သည့် ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်နိုင်မည် မဟုတ်ဟု ယုံကြည်၍ စစ်ကောင်စီ၏ ဆွေးနွေးပွဲသို့တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) မတက်ရောက်ခြင်း ဖြစ်သည်ဟု TNLA ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်တားဂျုတ်ဂျားက ပြောကြားလိုက်သည်။
စစ်ကောင်စီ ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ TNLA မတက်ရောက်ရခြင်းနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်တားဂျုတ်ဂျား၏ ပြောကြားချက်များကို TNLA သတင်းနှင့် ပြန်ကြားရေးဌာနက အမေးအဖြေဖြင့် ဖော်ပြခဲ့သည်။
စစ်ကောင်စီ၏ ဆွေးနွေးပွဲသို့ TNLA မတက်ရောက်ရခြင်း အကြောင်းအရင်း ၃ခုရှိရာ ပထမအချက်မှာ လက်နက်ကိုင် ၇ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC) အဖွဲ့ဝင် အဖွဲ့အစည်း အားလုံး တက်ရောက်နိုင်ခြင်းမရှိ၍ဖြစ်ပြီး ဒုတိယ အချက်မှာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းအားလုံး မတက်ရောက်နိုင်ခြင်းကြောင့် ဖြစ်သည်ဟု ဒုဥက္ကဋ္ဌက ပြောသည်။
“အဲဒီ အားလုံးဆိုတဲ့ နေရာမှာ EAO လက်နက်ကိုင်တော်လှန်ရေး အဖွဲ့ အစည်း ၂၁ဖွဲ့အပါအဝင်ပေါ့ လက်ရှိ စစ်ကောင်စီနဲ့ ယှဉ်ပြိုင်အစိုးရ ဖြစ်နေတဲ့ NUG လက်အောက်က PDFတွေလည်း ပါဝင်နိုင်ခြင်းလည်းမရှိဘူး။ အားလုံး ပါဝင်တက်ရောက်နိုင်ခြင်းမရှိဘူးဆိုတာဒါကို ဆိုလိုတာပါ။
တတိယ အချက်အနေနဲ့ လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး မဖော်ဆောင်နိုင်ဘူးလို့ ကျွန်တော်တို့ ယုံကြည်တယ်” ဟု ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်တားဂျုတ်ဂျားက ပြောသည်။
ဗမာပြည်၌ တည်ငြိမ်သည်ဟု ယူဆ၍ ရသည့် ဦးသိန်းစိန် အစိုးရနှင့် NLD အစိုးရ လက်ထက်၌ပင် ငြိမ်းချမ်းရေးမဖော်ဆောင်နိုင်ခဲ့ရာ လက်ရှိ ရှုပ်ထွေးသည့် အခါသမယ၌ စစ်မှန်သည့် ငြိမ်းချမ်းရေး မဖော်ဆောင်နိုင်ဟု ယုံကြည်၍ ဆွေးနွေးပွဲမတက်ရခြင်းဖြစ်သည်ဟု ၎င်း ကဆိုသည်။
“ဒီမိုကရေစီ ပြည်သူရွေးကောက်တဲ့ အစိုးရကို နှိပ်ကွပ်ပြီးတော့ ထင်တိုင်းလုပ်နေတဲ့ ဒီစစ်အစိုးရ ခေါ်တဲ့ ငြိမ်းချမ်းရေးက အားလုံး ပါဝင်မှုမရှိဘူးဆိုရင် ဘယ်လိုမှ ငြိမ်းချမ်းရေးတကယ် ဖြစ်မလာဘူး” ဟုလည်း ဗိုလ်ချုပ်တားဂျုတ်ဂျားက ပြောသည်။
TNLA ၏ ငြိမ်းချမ်းရေးဆွေးနွေးရေးရပ်တည်ချက်မှာ စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရေးလမ်းကြောင်းကို ဦးတည်သည့် အခြေခံဖြစ်ရန်လိုအပ်ကြောင်း၊ စစ်မှန်သည့် ဖက်ဒရယ်မူဆိုသည့်နေရာတွင် ပြည်နယ်သစ်ဖော်ဆောင်ရေးလည်း အကျုံးဝင်ကြောင်း ဗိုလ်ချုပ်တားဂျုတ်ဂျားက ပြောသည်။
“ငြိမ်းချမ်းရေးဆွေးနွေးတဲ့ ကာလမှာ လက်ရှိ ဒီလို စစ်အာဏာရှင်မျိုး ပြည်သူလူထု မလိုလားတဲ့ အစိုးရမျိုး ဒီလို အကြပ်အတည်းမျိုးအောက်မှာ မဟုတ်ဘဲနဲ့ ပြည်သူတွေရွေးတဲ့ အစိုးရ တည်ငြိမ်အေးချမ်းတဲ့ ကာလမျိုးတွေ့ဆုံမှ ဒီငြိမ်းချမ်းမှုရှိတယ် ငြိမ်းချမ်းရေးခေါ်လို့ရတယ်” ဟု ဗိုလ်ချုပ်တားဂျုတ်ဂျားက ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ဗမာ တိုင်းရင်းသားများကပါ စစ်ကောင်စီအပေါ် ခါးခါးသီးသီး မုန်းတီးနေကြောင်း ၎င်း ကဆိုသည်။
“NLD အစိုးရမှာ ဒေသဖွံ့ဖြိုးရေး သိသိသာသာပြောင်းလဲလာတယ်။ ဒီမိုကရေစီ အခွင့်အရေး ပိုပြီးတော့ လူထုတွေခံစားလာတာပေါ့။ ဒီလွတ်လပ်မှုက ဗမာပြည်မှာ တစ်ခါမှ မရဖူးဘူး။ မရတော့ ဒီအာဏာပြန်သိမ်းတဲ့နောက်ပိုင်းမှာ ဒါကို ရိုက်ချိုးခံရတယ်” ဟု ဗိုလ်ချုပ်တားဂျုတ်ဂျားက ပြောသည်။
ထို့ကြောင့် ဗမာလူထုသည် စစ်အာဏာရှင်ကို လုံး၀ လက်မခံဘဲ လက်နက်ကိုင်တော်လှန်သည်အထိ ဖြစ်ပေါ်လာရသည်ဟု ဆက်ပြောသည်။
“ ဒီနေ့ နစက စစ်ကောင်စီ လက်အောက်မှာ ဗမာပြည် ဘယ်လောက် ပျက်စီးယိုယွင်းနေလဲဆိုတာ ကျွန်တော်တို့ ပြောစရာမလိုဘူး။ လူတိုင်းက သိတယ်။ မြင်သာ ထင်သာ ပေါ်နေတယ်” ဟုလည်းဗိုလ်ချုပ်တားဂျုတ်ဂျားကပြောသည်။
၂၀၂၀ ရွေးကောက်ပွဲကို အသိအမှတ်မပြုဘဲ အာဏာသိမ်းလိုက်ပြီးနောက် ပေါ်ပေါက်လာသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) သည် ယခင် ၁၉၈၈ ကာလက စုဖွဲ့ထားသည့် အစုအဖွဲ့များနှင့်လုံး၀မတူတော့ဘဲ နိုင်ငံတကာ၏ ထောက်ခံမှု၊ ဗမာပြည်တွင်း ဗမာလူမျိုးများ၏ ထောက်ခံမှု အပြည့်အ၀ ရရှိထားသည်ဟု TNLA ဒုဥက္ကဋ္ဌက ပြောသည်။
“အခု ဗမာ စစ်တပ်က ဗမာလူထုနေတဲ့နေရာအထိ ဗုံးကြဲ မီးရှို့လူသတ်တဲ့အထိ ဖြစ်တဲ့အဆင့်အရင်က ကျွန်တော်တို့ တိုင်းရင်းသားဒေသမှာပဲဖြစ်တဲ့ကိစ္စ အခု ဗမာပြည်အညာဒေသ စစ်ကိုင်းမကွေး တောက်လျှောက်ဖြစ်တယ်။ ဒီမြို့ထဲမှာလည်း မရှောင်ဘူး မီးရှို့တယ် ပစ်တယ် စသဖြည့်ပေါ့ ဒါတွေ လုပ်တဲ့အခါကျတော့ ဗမာလူထုနဲ့ ဗမာစစ်တပ် ရန်ငါစည်း အနေနဲ့ လုံး၀ ရန်သူသဖွယ်လို ဖြစ်တဲ့အဆင့် ရောက်သွားတယ်လို့ မြင်တယ်” ဟု ၎င်းက ဆိုသည်။
