ရွှေသောင်ယံကမ်းခြေနေရာအချို့တွင် လူသေရုပ်အလောင်းအချို့မျောပါလာသည်ကိုတွေ့ရပြီး ယနေ့ညနေအထိ ရုပ်အလောင်း ၂၀ခန့်တွေ့ ရှိရကြောင်း ဒေသခံများပြောသည်။
ရွှေသောင်ယံမြို့နယ်ပိုင်နက်အတွင်း ဝက်သေကျေးရွာကမ်းစပ်တွင် ရုပ်အလောင်းအများဆုံး တွေ့ရခြင်းဖြစ်သည်။
“မနေ့က ပင်လယ်မှာ စက်လှေမြုပ်တယ်လို့ ကြားတယ်။ ဒီနေ့မနက်မှာတော့ ရုပ်အလောင်းတွေ ကမ်းဘက်ကို မျောပါလာတယ်။ အခုတင် တစ်လောင်း ပါး(အလောင်းကမ်းကပ်လာသည်ကိုပါးသည်ဟု ဒေသခံများက သုံးနှုန်းသည်) တယ်ဆိုလို့ သွားဆယ်မလို့”ဟု ဒေသခံတစ်ဦးက ယနေ့(မေ ၂၂ရက်)မွန်းလွဲပိုင်းတွင် ပြောသည်။

ရွှေသောင်ယံကမ်းခြေသည် ဘဂ်လားပင်လယ်အော်နှင့်ထိစပ်နေသလို ရခိုင်ပြည်နယ်နှင့်ဧရာဝတီတိုင်း ထိစပ်ရာ ဒေသလည်း ဖြစ်သည်။ ရိုဟင်ဂျာ ၉၀ ဦးခန့် လိုက်ပါလာပြီး ရခိုင်ပြည်နယ်ဘက်မှ ထွက်ခွာလာသော စက်လှေတစ်စီးသည် ပင်လယ်ထဲတွင် ယမန်နေ့ (မေလ၂၁ရက်)က တိမ်းမှောက်ခဲ့သည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။သို့သော်အဆိုပါသတင်းအပေါ် People’s Spring ကသီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။
ယခုရက်ပိုင်းအတွင်း မြန်မာပင်လယ်ပြင်နှင့် နိုင်ငံဒေသအချို့တွင် မိုးသက်လေပြင်းတိုက်ခိုက်ခဲ့ပြီး မိုးသည်းထန်စွာရွာသွန်းခဲ့သည်။
