အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံဆေးကောင်စီကို ဖျက်သိမ်းအရေးယူမည့်အစီအမံများ စတင်ဆွေးနွေးနေပြီဖြစ်ကြောင်း ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီက ယနေ့(မေ ၂၂)ထုတ်ပြန်သည်။
အဆိုပါ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် Zoom meeting ဖြင့် ပြုလုပ်ခဲ့ပြီး ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီဥက္ကဋ္ဌ ပါမောက္ခဒေါက်တာခင်မောင်လွင်လည်း တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။
အစည်းအဝေး၌ ဆေးကောင်စီအား ဖျက်သိမ်းအရေးယူမည့် အစီအမံများအပြင် ဖက်ဒရယ်ဆမလက်မှတ်များ စိစစ်ထုတ်ပေးရေး၊ တိုင်း ရင်းသားဒေသများတွင် ကျန်းမာရေးပညာရှင်များ မွေးထုတ်ရေးနှင့် Nurse Aid သင်တန်းများကို အရည်အသွေးစိစစ်မြှင့်တင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်သည်။
မြန်မာနိုင်ငံဆေးကောင်စီသည် ကျန်းမာရေးလောကတွင် အရေးပါသည့်အခန်းကဏ္ဍတစ်ခုမှပါဝင်နေပြီး ဆရာဝန်များအား ဆေးကုသခွင့် ဆမလက်မှတ်ထုတ်ပေးခြင်း၊ ဆေးကုသခွင့်ရုတ်သိမ်းခြင်းတို့ကို ပြုလုပ်နိုင်သည့် အာဏာ ပိုင်အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။
အထက်ပါ ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီကို စစ်ကောင်စီလက်အောက်တွင် တာ ဝန်မထမ်းဘဲ CDM ပြုလုပ်ထားသော ကျန်းမာ ရေးပညာရှင်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး မန္တလေးဆေးတက္ကသိုလ် ပါမောက္ခချုပ်ရာထူးမှ CDM ပြုလုပ်ထားသော ဒေါက်တာခင်မောင်လွင်က တာဝန်ယူထားသည်။
