● မတူပီမှ ထွက်လာသောစစ်ကောင်စီယာဥ်တန်းမှာ ၁၇ ရက်ကြာ မင်းတပ်သို့ရောက်
မတူပီမှ ပြန်လာသည့် စစ်ကောင်စီတပ်ယာဥ်တန်းကို မင်းတပ် ချင်းဒေသကာကွယ်ရေးတပ်(CDF)က ယမန်နေ့ (မေ ၁၂) ညနေပိုင်းက ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၀ဦးထက်မနည်းသေဆုံးခဲ့ကြောင်း မင်းတပ် CDFက သတင်းထုတ်ပြန်သည်။
မင်းတပ်မြို့နှင့် ၁၄မိုင်ခန့်အကွာတွင် မေလ ၁၂ရက် ညနေပိုင်းက တိုက်ပွဲပြင်းထန်ခဲ့ရာ ပဒေသာ မိုင်း ဖြင့် ၂ကြိမ် တိုက်ခိုက်ခဲ့ပြီး တူမီးမောင်းပြန်များဖြင့်လည်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၀ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူများကြောင်း ဖော်ပြထားသည်။
လွန်ခဲ့သော၁၈ ရက်က မတူပီမှ စထွက်လာသောအဆိုပါ စစ်ယာဉ်တန်းသည် ယနေ့ (မေ ၁၃) ညနေ ၅ နာရီခန့်တွင်မှ မင်းတပ်မြို့ ရှိ စစ်ကောင်စီတပ်၏ ခမရ (၂၇၄ )တပ်ရင်းအတွင်းသို့ ဝင်ရောက်ကြောင်းမင်းတပ်CDF (သတင်းနှင့်ပြန်ကြားရေးဌာန)က ယနေ့ညနေတွင်ထုတ်ပြန်သည်။

တူပီမှ ဧပြီ ၂၇ရက်က စတင်ထွက်ခွာလာသည့် စစ်ယာဉ်တန်းကို မင်းတပ် CDFက ဧပြီ ၃၀ ရက်မှ မေလ ၁၂ ရက်အထိ နေ့စဉ်နီးပါး တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အထိနာပြီး အချို့နေရာတွင် ၆ မိုင်ခရီးကို ၂ရက်ခန့်သွားနေသည်ဟု ဆလိုင်းဟာအွမ်က ဆိုသည်။ မင်းတပ် CDF နယ်မြေအတွင်းမရောက်ခင် မတူပီ မြို့နယ်တစ်လျှောက်တွင်လည်း မတူပီ CDF ကလိုက်လံတိုက်ခိုက်ခဲ့သေးသည်။
ထိုကြောင့် ယခုစစ်ကောင်စီတပ်ယာဥ်တန်းသည် ယခင်အခေါက်များထက် သေဆုံးထိ့ခိုက်မှုများခဲ့ကြောင်း သိ့ရသည်။

“မိုင် ၁၀၀ပဲ ဝေးတဲ့ခရီးကို နှစ်ပတ်လောက်သွားနေရတယ်ဆိုကတည်းက သူတို့ခရီးက အမိန့်အရသာ သွားနေရတယ် သူတို့အတွက်တော့ အထိအခိုက်အကျအဆုံးများစွာနဲ့ သေမင်တမံလမ်းလို သွားနေရတယ်”ဟု မင်းတပ် CDF မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က People’s Spring သို့ ပြောသည်။
မင်းတပ်သို့ရောက်ရှိနေသော စစ်ကောင်စီယာဥ်တန်းသည်မင်းတပ်တွင် ခတ္တနားပြီး ကျောက်ထုသို့ဆက်လက်သွားနိုင်ပြီး ၊ကျောက်ထုမှ စစ်ကိုင်းတိုင်း မှ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) အခြေစိုက်ရာ မုံရွာမြို့သို့ ဆက်သွားနိုင်ကြောင်း စစ်ရေးလေ့လာသူအချို့က ခန့်မှန်းထားသည်။ထိုယာဥ်တန်းသည် မင်းတပ် ခလရ ၂၇၄ အတွင်းဝင်ရာတွင် ကားအစီးရေ ၇၄ စီးရှိကြောင်းသိရသည်။
“ဒီကနေ(မင်းတပ်) သူတို့ ကျောက်ထုကို ဆင်းသွားမှာ ကျောက်ထုကနေ ပုံတောင်ပုံညာအထိ ယော PDFတွေ YDFတွေက သူတို့ တက်နိုင်သလောက် သူတို့ရှိသမျှ စွမ်းအားနဲ့ သူတို့ တိုက်ခိုက်လိမ့်မယ်။ ပုံတောင်ပုံညာကျော်ပြီး ပခုက္ကူ – မုံရွာသွားတဲ့အချိန်မှာ အဲဒီဘက်က PDF တက်နိုင်သလောက် စစ်အာဏာရှင်ကိုအလိုမရှိဘူးဆိုတာ ရှိတဲအင်အားနဲ့လုပ်နိုင်သလောက် လုပ်ကြပါ”ဟု ဆလိုင်းဟာ
အွမ်က တိုက်တွန်းသည်။
ထိုသို့ တိုက်ခိုက်ခြင်းဖြင့် ပြည်သူလူထုက စစ်ကောင်စီတပ်ကို အလိုမရှိကြောင်း သိသာစေကြောင်း ၎င်းကဆက်လက်ပြောသည်။
