close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း သမ္မတနဲ့ တွေ့ဆုံဖို့ မရှိသေးဘူးလို့ ပူတင်ပြော၊ ပျော့ညံ့တဲ့ ရွေးချယ်မှုလို့ ယူကရိန်းဝေဖန်

လောလောဆယ်တော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံဖို့ မဖြစ်နိုင်လောက်သေးကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က မှတ်ချက်ပေးခဲ့ပါတယ်။

ဓာတ်ပုံ - AP

လောလောဆယ်တော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံဖို့ မဖြစ်နိုင်လောက်သေးကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က မှတ်ချက်ပေးခဲ့ပါတယ်။

အခုသီတင်းပတ်ထဲမှာ ဇီလန်စကီးက ယူကရိန်းစစ်ပွဲ အဆုံးသတ်နိုင်ရေးအတွက် ပူတင်နဲ့ လူချင်းတွေ့ဆုံ စကားပြောလိုကြောင်း အိတ်ဖွင့်ပေးစာ တစ်စောင်နဲ့ ကမ်းလှမ်းခဲ့ပါတယ်။

စိန့်ပီတာစဘာ့ဂ်မြို့မှာ ကျင်းပနေတဲ့ စီးပွားရေး ဖိုရမ်တစ်ခုမှာတော့ ပူတင်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး သူ့သဘောထားကို အသိပေးခဲ့ရာမှာ လောလောဆယ် ဇီလန်စကီးနဲ့ တွေ့ဆုံဖို့ လုံလောက်တဲ့ အကြောင်းရင်း မရှိသေးဘူးလို့ တုံ့ပြန်သွားပါတယ်။

စစ်ပြေငြိမ်းရေးကိစ္စ သဘောတူညီမှု ရနိုင်တဲ့ အလားအလာ တစ်ခုခု အကောင်အထည် ပေါ်မလာမချင်း လူချင်းတွေ့ဖို့ အသင့်မဖြစ်သေးဘူးလို့ သူယူဆကြောင်း ပူတင်က ဆိုပါတယ်။ သူက ယူကရိန်းမှာ လုပ်ဆောင်နေတဲ့ စစ်ဆင်ရေးတွေဟာ ရုရှားရဲ့ စစ်ရေး ရည်မှန်းချက်တွေ မပြည့်မချင်း ဆက်လက် တည်ရှိနေမယ်လို့လည်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

တစ်နေ့နေ့မှာတော့ စစ်ရေးလှုပ်ရှားမှုတွေ အဆုံးသတ်သွားမယ်လို့ မျှော်လင့်ကြောင်း၊ ရုရှားက ကိုယ်တိုင် ဆုံးဖြတ် ချမှတ်ထားတဲ့ စစ်ရေး ရည်မှန်းချက်တွေ ပြည့်မြောက်ပြီ ဆိုတာနဲ့ စစ်ပွဲတွေလည်း ရပ်သွားမှာဖြစ်ကြောင်း ပူတင်က ပြောဆိုသွားပါတယ်။

ပူတင်ဆီက အခုတုံ့ပြန်မှုမျိုး ထွက်ပေါ်လာတဲ့နောက် ဇီလန်စကီးက ရုရှားရဲ့ ရပ်တည်ချက်ဟာ ပျော့ညံ့ပြီး စစ်ပွဲကိုပဲ ထပ်မံ ရွေးချယ်လိုက်ပြန်တာဖြစ်ကြောင်း ဝေဖန်သွားပါတယ်။ ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိဖို့ ညှိရမယ့် အပိုင်းတွေအတွက် တကယ်ဆိုရင် သူနဲ့ ပူတင်တို့ တွေ့ဆုံဖို့က အတော်လေး အရေးတကြီး လိုအပ်ကြောင်း ဇီလန်စကီးက ဆိုပါတယ်။

ကံအကြောင်း မလှစွာနဲ့ပဲ ရုရှားဖက်ကတော့ စစ်ပွဲကိုပဲ နောက်တစ်ကြိမ် ထပ်ရွေးသွားပြန်ကြောင်း၊ ရုရှားဖက်က တုံ့ပြန်မှုကို အားလုံးလည်း ကြားကြ မြင်ကြမှာဖြစ်ကြောင်း၊ ဒါဟာ အားနည်းပျော့ညံ့တဲ့ တုံ့ပြန်မှု တစ်ခုဖြစ်ပြီး ပူတင်ဟာ စစ်ပွဲကို တကယ်တမ်း ရပ်လိုက်ဖို့ ဆန္ဒမရှိကြောင်း ဇီလန်စကီးက ပြောကြားသွားပါတယ်။

အစောပိုင်းမှာ ဇီလန်စကီးက ပူတင်နဲ့ လူချင်းတွေ့လိုကြောင်း ကမ်းလှမ်းမှုကို ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်၊ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်တို့လို မဟာမိတ်နိုင်ငံ ခေါင်းဆောင်တွေက ထောက်ခံခဲ့ကြပါတယ်။ ထရမ့်က ဇီလန်စကီးနဲ့ ပူတင်တို့ လူချင်းတွေ့ပြီး စကားပြောတာမျိုး အမှန်တကယ် ဖြစ်မြောက်စေချင်ကြောင်း မှတ်ချက်ပေးခဲ့ပါသေးတယ်။

ဇီလန်စကီးဟာ စစ်ပွဲရပ်စဲနိုင်ရေး နည်းလမ်းတွေကို ရှာဖွေဖို့အတွက် အခုသီတင်းပတ်ကုန်မှာ မာခရွန်၊ ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာ၊ ဂျာမနီ အဓိပတိ ဖရိုင်းဒရစ်ချ် မားဇ်တို့နဲ့လည်း တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

၂၀၃၆ ခုနှစ်ထိ သမ္မတ ရာထူးကို ဆက်လက် တာဝန်ယူမလားဆိုတဲ့ မေးခွန်းကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ရှောင်လွှဲ ဖြေဆိုသွားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ မျက်နှာစုံညီ တွေ့ဆုံချင်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အတိအလင်း တောင်းဆိုလိုက်ပါတယ်။

သတင်း

ရှမ်းပြည်နယ်အရှေ့ပိုင်း၊မိုင်းတုံမြို့နယ်ကအမြင့်ဆုံးတောင်ဖြစ်တဲ့ လွယ်ချီလိတ်တောင်တန်းမှာရှိတဲ့ အဖြိုက်နက်သတ္တုသိုက်ကို တရုတ်နဲ့ရှရှားက အပြိုင်အဆိုင်တူးဖော်ဖို့ကြိုးပမ်းနေတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ SHRF ကထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ် အပါအဝင် ယူကရိန်းရဲ့ မြို့ကြီးတချို့ကို ရုရှားက အကြီးစား လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။