ယူဂန္ဓာနိုင်ငံ အနောက်ပိုင်းမှာ စာသင်ကျောင်း တစ်ခုကို အိုင်အက်စ် အကြမ်းဖက် အဖွဲ့နဲ့ ဆက်စပ်တဲ့ စစ်သွေးကြွတွေက တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် အများစု အပါအဝင် လူ ၄၀ ဝန်းကျင်လောက် သေဆုံးခဲ့ပါတယ်။
အိမ်နီးချင်း ကွန်ဂိုနိုင်ငံနဲ့ နယ်စပ်နားက မန်ပွမ်ဝီ မြို့မှာရှိတဲ့ လူဘီရီဟာ အလယ်တန်းကျောင်းကို ဇွန်လ ၁၆ ရက်က တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကြောင့် လူ ၄၀ ဝန်းကျင် သေဆုံးတဲ့အပြင် ဒဏ်ရာရသူတွေထဲက ၈ ဦးလောက်ဟာလည်း အခြေအနေ အရမ်းဆိုးတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
ကွန်ဂိုနိုင်ငံမှာ အခြေစိုက်တဲ့ မဟာမိတ် ဒီမိုကရက်တစ် တပ်ဖွဲ့ (ADF)က ဒီလို စက်ဆုပ်စရာ လုပ်ရပ်မျိုးကို နယ်စပ်ဖြတ်ကျော် ကျူးလွန်ခဲ့တာလို့ ယူဂန္ဓာ အာဏာပိုင်တွေက စွပ်စွဲပါတယ်။ သေနတ်သမားတွေဟာ အဆောင်နေ ကျောင်းသားတွေကို ပစ်သတ်ခဲ့တဲ့နောက် ကျောင်းသူ အများစု အပါအဝင် ကလေးတချို့ကိုပါ ပြန်ပေးဆွဲ ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။
အခင်းဖြစ်ချိန်က ကျောင်းမှာ စာသင်နေတဲ့ ကျောင်းသားကျောင်းသူ ၆၀ ဝန်းကျင်ရှိပြီး အားလုံးက ကျောင်းအိပ်ကျောင်းစားတွေလို့ ဆိုပါတယ်။ သေနတ်သမား ၅ ယောက်က ကျောင်းကို လျှပ်တပြက် စီးနင်းတိုက်ခိုက်ပြီး ရိက္ခာတွေကို လုယက်သွားခဲ့သလို ကျောင်းဆောင်တွေကိုပါ မီးရှို့သွားခဲ့ကြောင်း စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်မှူးချုပ် ဒစ်ခ်အော်လွမ်က ပြောပါတယ်။
တချို့ ကျောင်းသားတွေဟာ မီးလောင်လို့၊ ဓားတွေနဲ့ ရက်ရက်စက်စက် ခုတ်သတ်ခံရလို့ သေဆုံးခဲ့ရတာလို့ သိရပါတယ်။ ရုပ်အလောင်းတွေထဲမှာ ဘယ်သူဘယ်ဝါ ခွဲမရလောက်အောင် ဆိုးဆိုးရွားရွား မီးလောင် ခံထားရသူတွေ ပါဝင်နေတာကြောင့် DNA စစ်ဆေးမှုတွေလည်း ပြုလုပ်သွားမယ်လို့ အော်လွမ်က ဆက်ပြောပါတယ်။ အကြမ်းဖက်သမားတွေဟာ ပြန်ထွက်ခွာ မသွားခင်မှာ အိပ်ရာတွေကို မီးတင်ရှို့ခဲ့ပြီး ဗုံးတွေလည်း ဖောက်ခွဲသွားခဲ့တယ်လို့ ယုံကြည်ရပါတယ်။
လတ်တလောမှာတော့ ယူဂန္ဓာ စစ်တပ်ဟာ ADF အဖွဲ့သားတွေအပြင် ဖမ်းဆီးခံထားရသူတွေကိုပါ တောနင်းပြီး လိုက်ရှာနေပါတယ်။ စစ်ဆေး ရရှိတဲ့ အချက်အလက်တွေအရ ADFတွေဟာ တိုက်ခိုက်မှု မကျူးလွန်ခင် နယ်စပ်မှာ ၂ ရက်လောက် ခိုအောင်းနေခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ တွေ့ရကြောင်း စစ်တပ်က ပြောပါတယ်။
ကွန်ဂိုနယ်စပ်နဲ့ ၂ ကီလိုမီတာလောက်သာ ကွာဝေးတဲ့ စာသင်ကျောင်း တိုက်ခိုက်ခံရမှုဟာ ၂၅ နှစ်အတွင်း ယူဂန္ဓာမှာ ပညာရေးဌာန အဆောက်အအုံတွေ ဆိုးဆိုးရွားရွား အကြမ်းဖက်ခံရတဲ့ ပထမဆုံး ဖြစ်ရပ်အနေနဲ့ မှတ်တမ်းဝင်ခဲ့ပါတယ်။ အဲဒီမတိုင်ခင် ၁၉၉၈ ခုနှစ်၊ ဇွန်လတုန်းကလည်း ADFက ကွန်ဂိုနဲ့ နယ်စပ်နားမှာရှိတဲ့ ကစ်ချ်ဝမ်ဘာ နည်းပညာ ဌာနကို တိုက်ခိုက်ပြီး ကျောင်းသူ ကျောင်းသား ၈၀ လောက်ကို မီးရှို့ သတ်ဖြတ်ခဲ့သလို ၁၀၀ ကျော်ကို ပြန်ပေးဆွဲခဲ့ပါတယ်။
ADFကို ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက သက်တော်ရှည် သမ္မတ ယိုဝါရီ မူဆီဗီနီဟာ မွတ်ဆလင်တွေကို ဖိနှိပ်နေတာကြောင့် လက်နက်ကိုင် တော်လှန်မယ်ဆိုပြီး စတင် ဖွဲ့စည်းခဲ့ပါတယ်။ ၂၀၀၁ မှာတော့ ယူဂန္ဓာ စစ်တပ်ရဲ့ ချေမှုန်းမှုကို ခံခဲ့ရတဲ့နောက် ADFတွေဟာ ကွန်ဂိုပိုင်နက်ထဲ ပြောင်းရွှေ့ အခြေစိုက်ခဲ့ပါတယ်။ အဖွဲ့ခေါင်းဆောင် ဂျာမဲလ် မာကူလူဟာ ၂၀၁၅ တုန်းက တန်ဇန်းနီးယားမှာ ဖမ်းဆီးခံခဲ့ရပြီး လောလောဆယ် ယူဂန္ဓာမှာ အကျဉ်းကျခံနေရပါတယ်။
မာကူလူရဲ့ အရိုက်အရာကို ဆက်ခံတဲ့ လက်ရှိ ခေါင်းဆောင် မူဆာ ဆီကာ ဘာလူကူက ၂၀၁၆ မှာ အိုင်အက်စ် စစ်သွေးကြွ အဖွဲ့ဆီ သစ္စာခံခဲ့ပေမယ့် အိုင်အက်စ်ဟာ ယူဂန္ဓာနဲ့ ကွန်ဂို နယ်စပ်မှာ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားတာမျိုးတော့ မလုပ်ခဲ့ပါဘူး။ ၂၀၂၁ နောက်ပိုင်းမှာ ADFရဲ့ အကြမ်းဖက်မှုတွေ ပြန်လည် ခေါင်းထောင်လာပြီး ယူဂန္ဓာရဲ့မြို့တော် ကမ်ပါလာမှာ ဗုံးခွဲတဲ့ လုပ်ရပ်မျိုးတွေလည်း ကျူးလွန်ခဲ့ပါတယ်။
