ထိုင်းမှာ ကျင်းပမယ့် မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲ နိုင်ငံအတွင်းအကြမ်းဖက်မှုများကို ပိုမိုကြီးထွားလာစေဟု အရပ်ဘက်အဖွဲ့များ ထုတ်ပြန်
ထိုင်းနိုင်ငံ ဘန်ကောက်မှာ ကျင်းပတဲ့ မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲမှာ နိုင်ငံအတွင်း အကြမ်းဖက်မှုများကို ပိုမိုကြီးထွားလာစေရုံသာမက အကျပ်အတည်းကို ဖြေရှင်းဖို့ နိုင်ငံတကာအသိုက်အဝန်းရဲ့ စစ်မှန်သော ကြိုးပမ်းမှုများကိုပါ ပျက်ပြားစေတယ်လို့ အရပ်ဘက်အဖွဲ့အစည်း ၃၁၆ ဖွဲ့မှ လက်မှတ်ရေးထိုးထုတ်ပြန်ပါတယ်။ တရားမဝင် မြန်မာစစ်ကောင်စီ ပါဝင်တဲ့ လျှို့ဝှက်အစည်းအဝေးကို မြန်မာနိုင်ငံ အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်များက ပြင်းထန်စွာရှုတ်ချပြီး အစည်းအဝေးကို ချက်ချင်းဖျက်သိမ်းပေးဖို့ အဖွဲ့အစည်းများက အိတ်ဖွင့်ပေးစာမှတဆင့် တောင်းဆိုပါတယ်။ အစည်းအဝေးဟာ မြန်မာစစ်တပ်ရဲ့ တနိုင်ငံလုံးအပေါ် အကြမ်းဖက် စစ်ဆင်ရေးများ နှစ်ရှည်လများ ဆင်နွှဲကာ အာဏာဆက်လက်ဆုပ်ကိုင်ဖို့ ကြိုးပမ်းနေမှုကို ဆန့်ကျင်တွန်းလှန်ရင်း အသက်စတေးခဲ့ကြရတဲ့ မြန်မာပြည်သူများကို လုံးလုံးလျားလျား စော်ကားလိုက်တာလို့ ဖော်ပြပါတယ်။

ဖားဆောင်းမြို့နယ်တိုက်ပွဲ စစ်တပ်သေဆုံးထိခိုက်မှုများရှိ
ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများရှိပြီး ဒီနေ့တိုက်ပွဲ ဆက်ဖြစ်နေတယ်လို့ ဖားဆောင်း PDF တာဝန်ရှိသူက ပြောပါတယ်။ မယ်စဲ့မြို့ရှိစစ်ကောင်စီစခန်း သုံးခုနဲ့ ရဲစခန်းတိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ဇွန်လ ၁၅ ရက်က ဖားဆောင်းမြို့နယ်အတွင်း အင်အားတိုးထားကာ စစ်ကြောင်းထိုးလှုပ်ရှားလာပြီးနောက် တိုက်ပွဲများ ဆက်ဖြစ်နေတာပါ။ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုရှိပြီး ပြောက်ကျားထိတွေ့မှုတွေဖြစ်ပွားနေတာလို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းတပ်များ နှစ်ရက်ဆက် တိုက်ပွဲဖြစ်
တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းတပ်များ နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားလျှက်ရှိရာ ဒီနေ့အထိ နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ မြိတ်ခရိုင် PDF တပ်ရင်း (၂)မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မနေ့ မနက်ပိုင်းကတည်းက တနင်္သာရီမြို့နယ် ဘန်လောရွာနဲ့ သမီးလှကျေးရွာများအနီး နှစ်ဖက်ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ဒီနေ့ နေ့ခင်းအထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ တနင်္သာရီမြို့နယ်အတွင်းရှိ ညောင်ပင်ကွင်းအခြေစိုက် ခမရ(၅၆၁)၊ မော်တုံဘက်မှ အမတ(၃၀၆)၊ မယင်းကြီးရွာအနီးမှ ခမရ(၅၅၇)စတဲ့ တပ်ရင်းသုံးခုမှ ပိတ်ဆို့စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များမှ မြိတ်ခရိုင် ရင်း(၂) တနင်္သာရီ(ပကဖ)၊ တနင်္သာရီမဟာမိတ်တပ်ပေါင်းစု စတဲ့တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်နေတာပါ။

ကန်ပက်လက်ရဲစခန်းကို CDF/PDF ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ မြို့မရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ရှော့တိုက်ဒုံးများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲစခန်းအတွင်း သုံးလုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့ ကန်ပက်လက်ချင်းကာကွယ်ရေးတပ်(CDF) တပ်မဟာမှူး ဆလိုင်းထွန်းလိန်းကပြောပါတယ်။ ဇွန်လ ၁၆ ရက်က ကန်ပက်လက် မြို့မရဲစခန်းကို ကန်ပက်လက် CDFနဲ့ ညောင်ဦးခရိုင် တပ်ရင်း (၂) ညောင်ရမ်း တပ်ရင်းတို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီလို တိုက်ခိုက်နိုင်ဖို့ ညောင်ဦးခရိုင်တပ်ရင်း(၂)နဲ့ ရှော့တိုက်ဒုံးရော့ကတ်များ ထုတ်လုပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

ဝေါမြို့နယ်မှာ စစ်ကောင်စီ ဖမ်းဆီးသွားတဲ့ ပြည်သူငါးဦး နှစ်လအကြာမှာ သေဆုံးပြီဟု မိသားစုထံအကြောင်းကြား
ပဲခူးတိုင်း၊ ဝေါမြို့နယ်မှာ လွန်ခဲ့တဲ့နှစ်လက စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ ပြည်သူငါးဦး သေဆုံးသွားပြီဖြစ်လို့ နာရေးပြုလုပ်နိုင်ပြီဖြစ်ကြောင်း မိသားစုဝင်များထံ စစ်ကောင်စီက အကြောင်းကြားလာတယ်လို့ ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီလက်အောက်ခံ ညောင်ခါးရှည်ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် အဲဒီတိုက်ခိုက်မှုနဲ့ဆက် စပ်တယ်ဆိုကာ ဝေါမြို့နယ် ဖိုးစပါယ်ကျေးရွာမှ ပြည်သူသုံးဦးနဲ့ ကျုံပါကျေးရွာမှ ပြည်သူနှစ်ဦးတို့ကို စစ်ကောင်စီတပ်က ဧပြီလအတွင်း ဖမ်းဆီးသွားခဲ့တာပါ။ ဒါ့အပြင် ဖမ်းဆီးခံရသူ ငါးဦးမှာ အမျိုးသမီးတစ်ဦးပါဝင်ပါတယ်။
ရေစကြို ပကဖ စခန်းခွဲတစ်ခု စီးနင်းခံရပြီး ရဲဘော်တစ်ဦးကျဆုံး
မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)စခန်းခွဲတစ်ခု စီးနင်းခံရပြီး ရဲဘော်တစ်ဦးကျဆုံးကာ ကားတစ်စီးနဲ့ စစ်သုံးပစ္စည်းများ သိမ်းဆည်းခံရတယ်လို့ ရေစကြို (ပကဖ) အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ဇွန်လ ၁၃ ရက် မနက်ပိုင်းက ရေစကြို (ပကဖ)ရဲ့ တပ်စခန်းခွဲတစ်ခုကို အင်အား ၄ဝ ခန့်ပါ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့တာလို့ သိရပါတယ်။ စခန်းကို မစီးနင်းခင် ကာကွယ်ရေးတပ်ရဲ့ ကင်းအဖွဲ့နဲ့ ၁၅ မိနစ်ကျော်ကြာ ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ် အထိအခိုက်ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ပြည်သူ့ကာကွယ်ရေး ရဲဘော် ဂျင်ဘီး အရှင်ဖမ်းဆီးခံခဲ့ရတယ်လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

မုံရွာနဲ့ ရေစကြိုမှာ ဆိုင်ကယ်နှစ်ယောက်စီးသူများကို စစ်ကောင်စီတပ် လိုက်လံပစ်ခတ်၊ ထိခိုက်သေဆုံးမှုရှိ
မုံရွာနဲ့ ရေစကြိုမြို့တို့မှာ ဆိုင်ကယ်တစ်စီးတည်း အမျိုးသားနှစ်ဦး စီးနင်းလာသူများကို စစ်ကောင်စီတပ်က အကြောင်းမဲ့လိုက်လံပစ်ခတ်လို့ ထိခိုက်မှုသေဆုံးမှုများရှိနေတယ်လို့ ဒေသခံများက ပြောပါတယ်။ ဇွန်လ ၁၆ ရက်မှ ဒီနေ့ အထိ မုံရွာမြို့ပေါ်မှာ ဆိုင်ကယ်နှစ်ယောက်စီးသူများကို စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်ခဲ့လို့ သုံးဦးသေဆုံးတယ်လို့ သတင်းများထွက်ပေါ်နေတယ်လို့ မုံရွာမြို့ခံများက ပြောပါတယ်။ ရေစကြိုမြို့ပေါ်မှာလည်း အမျိုးသားနှစ်ဦး စီးနင်းလာတဲ့ ဆိုက်တွဲတစ်စီးကို စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်ရာ မောင်းနှင်လာသူအမျိုးသား ကျည်ထိမှန်ခဲ့တယ်လို့ မြို့ခံများက ပြောပါတယ်။

