တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်တွင် ပျူစောထီးသင်တန်းဆင်း စစ်ကောင်စီ တပ်၏ လမ်းပြတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း လောင်းလုံး(ပကဖ)က ယနေ့(သြဂုတ် ၁၀) ထုတ်ပြန်သည်။
ယမန်နေ့ညနေ ၃ နာရီခွဲအချိန့်က ပျူစောထီးသင်တန်း ဆင်း ဦးသူရဝင်း(ခ) မျိုးမျိုးဆိုသူကို ရသိမ်ကျေးရွာအနီးလမ်းပိုင်းတစ်နေရာတွင် ပစ်ခတ်ရှင်းလင်း ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
“ပစ်ခတ်ရှင်းလင်းခံရသည့် ဦးသူရဝင်း(ခ)မျိုးမျိုးသည် အကြမ်းဖက်စစ်ကောင်စီ ဖွဲ့စည်းထားသော ပျူစောထီးသင်တန်းဆင်း အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး စစ်ကောင်စီ တပ်သားများရွာထဲရောက်လာလျှင် ဦးကြိုဆက်ဆံပြောဆိုသွားလာ၍ တောတောင်များထံ စစ်ကြောင်းထိုးရာတွင်လည်း စခများနှင့်အတူ လမ်းပြလုပ်ပေးသူတစ်ဦးလည်း ဖြစ်သည်”ဟု ဆိုသည်။
ထို့ကဲ့သို့ အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင် အလိုကျ အပြစ်မဲ့ ပြည်သူများအား မတရားရက်စက်သတ်ဖြတ်နေသော စစ်ကောင်စီတပ်သား များနှင့် စစ်ကောင်စီထောက်တိုင် ပျူစောထီးများအား အလျဥ့်းသင့်သလို ဆက်လက်သုတ်သင်သွားမည်ဟု လောင်းလုံး(ပကဖ)က သတိပေးထားသည်။
