ကချင်ပြည်နယ်ဖားကန့်မြို့နယ်ဆယ်ဇင်းကျေးရွာနှင့်အနီးတဝိုက်သို့စစ်ကောင်စီတပ်က ယနေ့(သြဂုတ် ၉)တိုက်လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်နေရာ ၊အရပ်သားများကိုပါပစ်မှတ်ထားတိုက်ခိုက်နေကြောင်းဒေသခံအချို့ကပြောသည်။
ကချင်နှင့်စစ်ကိုင်းအစပ်ရှိ ဆယ်ဇင်းဒေသမှစစ်ကောင်စီတပ်စခန်းနှင့် ရှမ်းနီတပ် SNA စခန်းကို ဩဂုတ် ၈ရက်တွင် KIAနှင့်PDFက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထိုအပြင်ယနေ့ ဩဂုတ် ၉ရက်တွင်လည်း ဆယ်ဇင်းရဲစခန်းကို ထပ်မံတိုက်ခိုက်ခဲ့ရာ နေ့လည်ပိုင်းမှ စ၍ စစ်ကောင်စီတပ်ကတိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟုသိရသည်။
“တော်တော်ဆိုးနေသေးတယ်ဗျာ အဲဒီဘက်မှာ။ နေရာစုံမှာ ကို ဗုံးချတာ။ အခုကကျေးရွာတည့်တည့် မှာကိုချတာ။ အခုက ပြည်သူလူထု ထိခိုက်တယ်။ စာရင်းတော့ ကောက်နေကြတယ်” ဟု ကချင်ဒေသခံက ပြောသည်။
တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်လာနိုင်၍ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြရသော်လည်း အချို့မှာ ကျန်နေကြောင်း ၎င်းက ဆိုသည်။
ကချင်သတင်းဌာ Kachinwaves က တိုက်ပွဲသတင်းဖော်ပြရာ KIA တပ်ရင်း ၂၆နယ်မြေ ဆယ်ဇင်း ကျေးရွာ အနီးသို့ စစ်ကောင်စီတပ်က တိုက်လေယာဉ် ၂စီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟုဖော်ပြထားသည်။
ယနေ့ လေကြောင်းတိုက်ခိုက်မှု နှင့်ပတ်သက်ပြီး မေးမြန်းရန် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ ထံ ဆက်သွယ်နေဆဲဖြစ်သည်။
ကချင်ပြည်နယ်သို့တိုက်လေယာဥ်ဖြင့်တိုက်ခိုက်ပါကတံတားဦးလေတပ်မှလေယာဥ်ထွက်သည်များပြီး YAK-130 တိုက်လေယာဥ်အသုံးပြုလေ့ရှိကြောင်း စစ်တပ်မှသတင်းရင်းမြစ်အချို့ကပြောသည်။
