အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ်ကော်မတီက ယနေ့ကျရောက် သည့် ကချင့်အာဇာနည်နေ့သို့ သဝဏ်လွှာပေးပို့ခဲ့သည်။
ကချင်တော်လှန်ရေးခရီးကြမ်းတစ်လျှောက်အသက်ပေးဆပ်ခဲ့ကြသောအစဉ်အဆက်သော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် အဆင့်ဆင့်သော အာဇာနည်များ အားဂုဏ်ပြု လေးစားသောအားဖြင့် ၁၉၇၅ သြဂုတ်၁၀ရက်ကို ကချင့်အာဇာနည်နေ့အဖြစ် သတ်မှတ် ဂါရ၀ပြု ခြင်းဖြစ်သည်ဟုဆိုသည်။

ကချင်တော်လှန်ရေးခေါင်းဆောင်ကြီးများအား လုပ်ကြံသတ်ဖြတ် ခြင်းခံရခြင်းသည် ကချင်ပြည်သူလူထု အတွက် ကြီးမားသောဆုံးရှုံးမှုတစ်ရပ် ဖြစ်ခဲ့သလို မြန်မာပြည်ဖယ်ဒရယ် ဒီမိုကရေစီတည်ဆောက်ရး လမ်းခရီး အတွက်လည်း များစွာထိခိုက်နစ်နာခဲ့ရကြောင်း NLD ၏ သဝဏ်လွှာ၌ ဖော်ပြထားသည်။
ကချင်အာဇာနည်နေ့သည် ကချင်တိုင်းရင်းသားအားလုံးအတွက်သာမက မြန်မာပြည်သူတို့အတွက် ဝမ်းနည်း အောက်မေ့ဖွယ်နေ့တစ်နေ့ ဖြစ်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်လည်း ကချင်လူထုတစ်ရပ်လုံးနှင့်အတူ ထပ်တူထပ်မျှဝမ်းနည်း ရသလို လေးစားဂုဏ်ပြုလျှက်ရှိကြောင်း သဝဏ်လွှာတွင်ပါရှိသည်။
ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) စတင်တည်ထောင်ခဲ့သည့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး လထော်ဇော်ဆိုင်း အပါအဝင် ခေါင်းဆောင်များသည် ၁၉၇၅ ဩဂုတ် ၆ရက်က ထိုင်းနယ်စပ် တစ်နေရာတွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရ၍ ကျဆုံးခဲ့ရပြီး ကျဆုံးမှုကို ဩဂုတ် ၁၀ရက်၌ အတည်ပြုနိုင်ခဲ့သည်ဟုဆိုသည်။ ထိုနေ့ကို ကချင့်အာဇာနည်နေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ် အထိမ်းအမှတ် အခမ်းအနားများ ကျင်းပခဲ့သည်။
