စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ယာဥ်များ ရှေ့ထွက်မိုင်းဖြင့် တိုက်ခိုက်ခဲ့ပြီး အများအပြားသေဆုံးကြောင်း နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။
သြဂုတ် ၅ ရက်က ရွှေဘိုမြို့နယ်၊ ပလိုင်းရွာမှ အကြမ်းဖက်စစ်ကောင်စီ တပ်သည် ဝက်လက်မြို့နယ်၊ မြင်းသည် ကျေးရွာဘက်သို့ ကားကြီး (၂)စီး၊ ကားအသေး(၁)စီး၊ဆိုင်ကယ် (၂)စီးတို့ဖြင့် စစ်ကြောင်း ထိုးလာခဲ့သည်။
၎င်းတို့အား တပ်ဖွဲ့က ကြိုတင်ပြင်ဆင်ထားသော ရှေထွက်မိုင်း(၁၈)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကားပေါ်ပါ စစ်ကောင်စီတပ်သား ၂၅ ဦးထက်မနည်း သေဆုံးကြောင်း နတ်တောင်နဂါး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။
ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း နီးစပ်သူများထံမှ သတင်းပေးပို့မှု ဖြင့်အတည်ပြုနိုင်ခဲ့သည်ဟု နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။
ထိုဖြစ်စဥ်တွင် အကြမ်းဖက်စစ်ကောင်စီနောက်လိုက်၊ တက်တူရွာသား ပျူစောထီး ခေါင်းဆောင်နှင့် ၎င်း၏သား၊ စောင်းတန်း ကျေးရွာနေ ပျူစောထီး၏ သားအပါအဝင် သုံးဦးတို့သည် နေရာ၌ပင် သေဆုံး၍ ပျူတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း နတ်တောင်နဂါးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အဆိုပါ တိုက်ခိုက်မှုအား နတ်တောင်နဂါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နတ်တောင်နဂါး တပ်ခွဲ(၂)ဇာမဏီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မဟူရာမြင်းရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ရဲဘော်များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့က အသိပေးသည်။
ဖြစ်စဥ်နှင့်ပတ်သက်ပြီး နတ်တောင်နဂါးအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Spring က ထပ်မံအတည်ပြု နိုင်ခြင်းမရှိသေးပေ။
