မေ-၂၁၊ ၂၀၂၆။ဟာနာဆန်/People’s Spring
ပဲခူးတိုင်း၊ ပြည်မြို့မှာ နေအိမ်ပေါ်တက်ပြီး ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတဲ့ ပြည်သူ့ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းဟာ ကျန်းမာရေးအကြောင်းပြချက်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
မေလ ၁၉ ရက် ည ၁၁ နာရီခွဲခန့်က ပြည်မြို့၊ ဆံတော်ရပ်ကွက်၊ တိကျစ်ဆုံလမ်း၊ အမှတ် (၁၅၇၆)မှာနေထိုင်တဲ့ ပြည်သူ့ပါတီရဲ့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဇေယျာဇော်ဟာ နေအိမ်မှာ အိပ်နေချိန် စစ်တပ်က အတင်းဝင်ရောက် ဖမ်းဆီးပေါ်တာဆွဲသွားကြောင်း ပြည်သူ့ပါတီရဲ့ပြည်မြို့နယ်ဥက္ကဋ္ဌ ဦးကျော်ဆန်းက လူမှုကွန်ရက်ကနေ အသိပေးခဲ့ပါတယ်။
အဲဒီနောက် မေလ ၂၀ရက်မှာ မြို့နယ်ပါတီဥက္ကဌဦးကျော်ဆန်းက စစ်တပ်ရဲ့ မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဆီကို ပေါ်တာဆွဲခံရတဲ့ ကိုယ်စားလှယ်လောင်း ဦးဇေယျာဇော်ဟာ ကျန်းမာရေးချို့ယွင်းနေလို့ ဆေးဝါးကုသနေရဆဲ ဖြစ်ကြောင်း၊ ဒါ့ကြောင့် စစ်မှုထမ်းဆောင်ဖို့ ခေါ်ဆောင်တာကို ခေတ္တရွှေ့ဆိုင်းပေးဖို့ဆိုပြီး စာတင်လိုက်ရာမှာ ပြန်လည်လွတ်မြောက်လာတာဖြစ်ကြောင်း ဦးကျော်ဆန်းက အသိပေးပါတယ်။

Public Service Announcement
“ ဦးဇေယျာဇော်ပြန်လည်လွတ်မြောက်လာမှုအား ပြည်မြို့နယ်၊စစ်မူထမ်းဆင့်ခေါ်ရေးအဖွဲ့အား၊အထူးကျေးဇူးတင်ရှိပါသည်။” လို့ ဦးကျော်ဆန်းက လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ပေါ်တာဆွဲခံရတဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဇေယျာဇော်ဟာ အသက် (၃၄) နှစ်ရှိပြီဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာမှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲမှာ ပဲခူးတိုင်း၊ ပြည်မြို့၊ မဲဆန္ဒနယ်မြေအမှတ် (၅)ကနေ ဝင်ရောက်ယှဥ်ပြိုင်ရင်း ရှုံးနိမ့်ခဲ့သူဖြစ်ပါတယ်။
ဦးဇေယျာဇော်ကို ပြည်မြို့ရှိတပ်မ(၆၆)လက်အောက်ခံ အမှတ် (၉၅၉) တပ်ထဲမှာ ဖမ်းဆီးချုပ်နှောင်ခဲ့တာပါ။ ဦးဇေယျာဇော်ဟာ စစ်တပ်စီစဥ်တဲ့ ၂၀၂၅ ဒီဇင်ဘာနဲ့ ၂၀၂၆ ဇန်နဝါရီ ရွေးကောက်ပွဲမှာ ပြည်သူ့ပါတီကိုယ်စားပြုယှဥ်ပြိုင်ပြီး ရှုံးနိမ့်ခဲ့သူဖြစ်ပါတယ်။
ပြည်သူ့ပါတီဟာ ဦးကိုကိုကြီး တည်ထောင်တဲ့ပါတီဖြစ်ပြီး ဦးကိုကိုကြီးက စစ်ကောင်စီရဲ့ အတိုင်ပင်ခံကောင်စီဝင်ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ယခုနောက်ပိုင်း ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာပါ နေအိမ်ပေါ်တက် ပေါ်တာဆွဲတာတွေ ပိုမိုပြုလုပ်နေပြီး စစ်မှုထမ်း အပတ်စဥ် (၂၅)ကို စတင်ဖို့ ပြင်ဆင်နေပါတယ်။



















































