မေ-၇၊၂၀၂၆။ဒလပန်း/People’s Spring
ပဲခူးတိုင်း၊ ဖြူး နဲ့ ထန်းတပင်မြို့နယ်အစပ်ကျေးရွာတွေကို စစ်တပ်က ဒီကနေ့မှာလေကြောင်းကနေ ဗုံးကြဲခဲ့တဲ့အတွက်ဒေသခံပြည်သူ ၆ ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
မေလ ၇ ရက် နေ့လယ် ၁၂ ခွဲအချိန်မှာ စစ်တပ်က ထန်းတပင်မြို့နယ် ဘွားအေစုကျေးရွာနဲ့ ဖြူးမြို့နယ် ရှားပင်ချောင်ကျေးရွာကို လေကြောင်းကနေဗုံးကြဲခဲ့တာဖြစ်ပါတယ်။
“ တိုက်ပွဲဖြစ်တာမျိုးမရှိဘူး။လှေဆိပ်နားကို ၁၂ နာရီလောက်မှာတစ်ခါ ၂ နာရီကျော်မှာ တစ်ခါ နှစ်ခါ လာပစ်သွားတာ။ “ လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
ဖွားအိမ်စုတစ်ရွာတည်းကို လေကြောင်းကနေ ၅ ကြိမ်ဗုံးကြဲခဲ့တာလို့ဒေသခံအချို့ကပြောပါတယ်။
လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘွားအေစုကျေးရွာက ဒေသခံ ၆ ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။သေဆုံးသူတွေထဲမှာ ကလေးငယ် သုံးဦးပါဝင််တယ်လို့သိရပါတယ်။
စစ်တပ်ကဗုံးကြဲလို့ ဒေသခံပြည်သူတွေကလှေဆိပ်ကို ပြေးကြစဥ် လှေဆိပ်အရောက်မှာဗုံးကြဲခံရတာလို့ ဒေသခံတဦးက လူမှုကွန်ယက်မှာရေးသားထားပါတယ်။
ပြီးခဲ့တဲ့ မေလ ၃ ရက်မှာလည်း ဘွားအေစု၊ ဇလုပ်ကြီးနဲ့ ငါးဆီးလှောင် ကျေးရွာတွေကို စစ်တပ်က Gyrocopter ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတစ်ဦးသေဆုံးပြီးနေအိမ် အနည်းဆုံး ၁၃ လုံးပျက်စီးခဲ့ပါတယ်။ ဒါအပြင် အိမ်မွေးတိရစ္ဆာန်တွေလည်းသေဆုံးခဲ့ပါတယ်။
ဧပြီလအတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၁၁၈ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။




















































