မေ-၇၊၂၀၂၆။People’s Spring
အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) ခေါင်းဆောင်ဟောင်းတွေနဲ့ ကုလသမဂ္ဂ (UN) ကျွမ်းကျင်ပညာရှင်ဟောင်းတွေက အခုသီတင်းပတ်မှာ ကျင်းပမယ့် အာဆီယံ ထိပ်သီး ညီလာခံမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ပိုပြီး ထိရောက်တဲ့ ကိုင်တွယ် ဆောင်ရွက်မှုတွေ တွန်းအားပေး လုပ်ဆောင်ဖို့ လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ ဖိလစ်ပိုင်ကို တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M)က မေလ ၆ ရက် ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ စီဘူမြို့မှာကျင်းပမယ့် အာဆီယံ ထိပ်သီးညီလာခံမှာမြန်မာနဲ့ပတ်သက်ပြီး ပိုမိုထိရောက်တဲ့ အရေးယူ ကိုင်တွယ်မှုတွေ လုပ်ဆောင်ပေးဖို့ ထိုင်းနဲ့ မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဟောင်းတွေ၊ ဖိလစ်ပိုင် အထက်လွှတ်တော် အမတ်ဟောင်းနဲ့ တရားရေး ဝန်ကြီး လိုင်လာဒီ လီမာ၊ SAC-Mရဲ့ တခြားအဖွဲ့ဝင်တွေက လက်မှတ်ရေးထိုး တောင်းဆိုထားခဲ့ကြပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ၅ နှစ်အကြာမှာတော့ အတုအယောင် ရွေးကောက်ပွဲ တစ်ခုနေတဆင့် သမ္မတ ရာထူးကို ရယူပြီးတဲ့နောက် အာဆီယံ နိုင်ငံတွေနဲ့ ဆက်ဆံရေးကို ပြန်လည် မြှင့်တင်ဖို့ ကြိုးစားနေကြောင်းလည်း ထောက်ပြခဲ့ပါတယ်။

Public Service Announcement
ရွေးကောက်ပွဲတစ်ခု ကျင်းပခဲ့တာ၊ နောက်ဆက်တွဲ လွှတ်တော်တစ်ခု ဖွဲ့စည်းစေခဲ့တာ၊ သမ္မတရာထူးကို မင်းအောင်လှိုင် ရယူခဲ့တာ၊ ဖမ်းဆီးချုပ်နှောင် ခံထားရသူ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းလဲ သတ်မှတ်တာတွေဟာ အရပ်သားအစိုးရအယောင်ဆောင်စစ်တပ်က နိုင်ငံတကာ ထောက်ခံမှု၊ အသိအမှတ်ပြုမှုကို ရရှိဖို့ သိသာမြင်သာတဲ့ အားထုတ်မှုတွေ ဖြစ်တယ်လို့ SAC-Mက ဆိုပါတယ်။
ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံအနှံ့မှာ စစ်တပ်က အရပ်သားပစ်မှတ်တွေကိုလေကြောင်းတိုက်ခိုက်မှုတွေ ပိုပြီး အရှိန်မြှင့်တင်လာနေတာကိုလည်း ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ အခုနှစ် မတ်လဟာ အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်ရဲ့ လက်ချက်ကြောင့် အရပ်သားပြည်သူ သေဆုံးမှု အများဆုံးလအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး သေဆုံးစာရင်း ၅၀၀ ကျော်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
SAC-Mက ဖိလစ်ပိုင်နဲ့ အာဆီယံ အသိုက်အဝန်းဟာ စစ်တပ်ရဲ့ အတုအယောင် အသွင်ပြောင်းလဲရေးအားထုတ်မှုတွေမှာယုံမှားလက်ခံလိုက်တာမျိုး မလုပ်ကြဖို့နဲ့ အလှည့်ကျအာဆီယံ ဥက္ကဋ္ဌ အနေနဲ့လည်း မြန်မာနဲ့ ပတ်သက်တဲ့ အာဆီယံမူဝါဒတွေကိုပိုပြီးတင်းကျပ်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။
SAC-Mကအာဆီယံကိုအကြံပြု တောင်းဆိုခဲ့တဲ့ တိုက်တွန်းချက်တွေရဲ့ အနှစ်ချုပ်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
– စစ်တပ်က ကျောထောက်နောက်ခံ ပေးထားတဲ့ အုပ်ချုပ်ရေး အစုအဖွဲ့သစ်ကို ငြင်းပယ်ပြီး အာဆီယံ အစည်းအဝေးတွေမှာ အဆင့်နိမ့် အရာရှိတွေ အပါအဝင်စစ်တပ်ရဲ့ကိုယ်စားလှယ်အားလုံး တက်ရောက်ခွင့်ကို တားမြစ်ဖို့
– စစ်တပ်ရဲ့ ရန်လို တိုက်ခိုက်နေမှုတွေ အားလုံး ချက်ချင်း ရပ်တန့်ရေးနဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေးအတွက် တောင်းဆိုပေးဖို့
– ဒေါ်အောင်ဆန်းစုကြည်ဆီ လွတ်လပ်တဲ့ လေ့လာစောင့်ကြည့်သူတွေ၊ ဆရာဝန်တွေနဲ့ မိသားစုဝင်တွေ သွားရောက် တွေ့ဆုံခွင့်ရရေးအတွက် စစ်တပ်ကို ဖိအားပေးဖို့
– ဦးဝင်းမြင့်ကို မြန်မာနိုင်ငံရဲ့ တရားဝင် နိုင်ငံတော် သမ္မတအဖြစ် ဆက်လက် အသိအမှတ် ပြုပေးဖို့
– နယ်စပ်ဖြတ်ကျော် ကူညီမှုတွေ အပါအဝင် မြန်မာနိုင်ငံ အနှံ့မှာ လူသားချင်း စာနာမှု ထောက်ပံ့ရေး လုပ်ငန်းတွေ တိုးချဲ့ဆောင်ရွက်ပေးဖို့
– မြန်မာ့ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေ၊ တော်လှန်ရေး အစိုးရဖြစ်တဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)နဲ့ ထိတွေ့မှုတွေကို မြှင့်တင်ပြီး အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက် အားပေး ထောက်ခံဖို့
– မင်းအောင်လှိုင်နဲ့ တခြားစစ်ဗိုလ်ချုပ်တွေ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအပေါ် အရေးယူနိုင်ဖို့ နိုင်ငံတကာ တရားရေး အားထုတ်မှုတွေကို အားပေးကူညီဖို့
SAC-Mရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ အာဆီယံ အနေနဲ့ မြန်မာ့အရေးအတွက် အထူးခန့်အပ်ထားတဲ့အာဆီယံကိုယ်စားလှယ်ရဲ့ လုပ်ပိုင်ခွင့်နဲ့ ရာထူးနေရာကို ပိုမိုအားကောင်းလာအောင်ဝန်ထမ်းတွေ၊ အရင်းအမြစ်တွေပိုမိုဖြည့်တင်းထောက်ပံပေးတာ၊ ရာထူးသက်တမ်း ကာလကို တိုးမြှင့်ပေးတာတွေ စဉ်းစားဖို့လည်း တိုက်တွန်းထားပါတယ်။
လွန်ခဲ့တဲ့ ၅ နှစ်တာအတွင်း အာဆီယံက ဖြစ်သင့်တဲ့ တုံ့ပြန်မှုတွေကိုလုပ်ဆောင်ဖို့အားနည်းပျက်ကွက်ခဲ့ခြင်းက မြန်မာ့ အကျပ်အတည်းကို ပိုမိုဆိုးရွားလာစေတဲ့အပြင် ဒေသတွင်း တည်ငြိမ်ရေးကိုပါခြိမ်းခြောက်လာခဲ့ကြောင်းSAC-Mကထောက်ပြခဲ့ပါတယ်။လက်ရှိမှာတော့ ဖိလစ်ပိုင်ဟာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ မြန်မာနဲ့ ပတ်သက်လို့ ပိုပြီး ပြင်းထန်အား
ကောင်းတဲ့ ကိုင်တွယ်မှုတွေ လုပ်ဆောင်သင့်ပြီဖြစ်ကြောင်း SAC-Mက အကြံပြု တောင်းဆိုထားပါတယ်။
ကိုးကား- SAC-M




















































