မေ ၃၊ ၂၀၂၆။ ထားမြတ်/People’s Spring
နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်းသားများလွတ်မြောက်စေဖို့တောင်းဆိုနေကြတဲ့ ပြည်တွင်း၊ပြည်ပ မြန်မာနိုင်ငံသားတွေကိုကျေးဇူးတင်ကြောင်း NLDက ဒီကနေ့ မေလ ၃ရက်မှာ ထုတ်ပြန်ခဲ့ပြီး လုံး၀ လွတ်မြောက်တဲ့အထိ တောင်းဆိုတိုက်ပွဲဝင်ပေးကြဖို့ထပ်မံ တိုက်တွန်းလိုက်ပါတယ်။
လူမှုကွန်ရက်တွေနဲ့မြေပြင်မှာ ဓါတ်ပုံ၊ ဗွီဒီယိုများ၊ အမှတ်တရစကား၊ မွေးနေ့ဆုတောင်းများ၊ အင်္ကျီပြာဝတ်လှုပ်ရှားမှုများ၊ သက်ရှိထင်ရှား ရှိနေကြောင်း သက်သေပြရန်လှုပ်ရှားမှုများ စတဲ့ ဆန္ဒပြု တောင်းဆိုနေမှုများကို NLDက အသိအမှတ်ပြု ကျေးဇူးတင်ကြောင်း ဖော်ပြကာ အခုလို တောင်းဆိုခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားများလွတ်မြောက်စေဖို့ အစဥ်တစိုက် ထပ်ခါတလဲလဲ တောင်းဆို သတင်းထုတ်ပြန်ခဲ့ကြတဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်အပါအဝင် ကမ္ဘာ့နိုင်ငံများ ( ဗြိတိန် ၊ အမေရိကန် ပြည်ထောင်စု၊ ကနေဒါ ၊ နော်ဝေ၊ ဂျာမနီ အပါအဝင် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအားလုံး ၊ သြစတေးလျ၊ နယူးဇီလန်၊ စင်္ကာပူ၊ ထိုင်း ၊ ဖိလစ်ပိုင်,အင်ဒိုနီးရှား၊ ဘရူနိုင်း၊အရှေ့တီမော အပါအဝင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၊ နှင့် ဂျပန် ) ကို ကျေးဇူးတင်အသိအမှတ် ပြုကြောင်းလည်း ဖော်ပြထားပါတယ်။

Public Service Announcement
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေများကို အစဥ်တစိုက်စောင့်ကြည့်လျှက်ရှိပြီးကာလရှည်ကြာ မိတ်ဆွေတဦးအဖြစ် ဖေါ်ပြပေးသော တရုတ်နိုင်ငံရဲ့ သဘောထားကို ကျေးဇူးတင်အသိအမှတ်ပြုဟု ထုတ်ပြန်ပါတယ်။
” နိုင်ငံရေးအကျဥ်းသားတစ်ဦး ရှိနေသည် ဆိုခြင်းက ပင် များလွန်းလှသည်” ဟု ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၂ နိုဗယ်ဆုချီးမြှင့်ခြင်းအခမ်းအနားမှာ ပြောဆိုချက်ကို NLD ရဲ့ ထုတ်ပြန်ချက်မှာ ပြန်လည်ကိုးကားဖော်ပြထားပါတယ်။ လက်ရှိနိုင်ငံရေး ယုံကြည်ချက်နဲ့ ဒီမိုကရေစီ လိုလားမှုကြောင့် အကျဥ်းကျခံနေရသူ ထောင်ပေါင်းများစွာရှိနေဆဲဖြစ်တဲ့ မြန်မာနိုင်ငံဟာ စစ်မှန်လွတ်လပ်သော ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဦးတည်နေသည်ဟု ယူဆရန် ဝေးကွာလွန်းနေကြောင်း လည်း ထပ်မံဖော်ပြထားပါတယ်။
ဒါ့အပြင် လူထုရွေးကောက်တင်မြှောက်ထားတဲ့ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်ကို ဧပြီ ၁၇ရက်မှာ မိသားစုနဲ့ ပြန်လည်ဆုံခွင့်ရစေတာ၊ ဒေါ်အောင်ဆန်းစုကြည် ကို လျှို့ဝှက်နေရာတွင် ဖမ်းဆီးထားရာမှ တည်နေရာမဖေါ်ပြ သော နေရာသို့ နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းရွှေ့ထားကြောင်း ဧပြီ ၃၀ရက်မှာ စစ်အုပ်စုဘက်က ကြေညာတာတွေဟာ နိုင်ငံရေးအရအပြုသဘောဆောင်သော လမ်းစသို့ ချဥ်းကပ်လာတာမဟုတ်ဘဲ လှည့်စားချက်သာဖြစ်ကြောင်းလည်း ထုတ်ပြန်ပါတယ်။
“မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဥ်းသားများကို ထောင်ဒါဏ်လျှော့ပေါ့ ခြင်း၊ နေရာရွှေ့ပြောင်းပေးသည်ဟု သတင်းထုတ်ပြန်ခြင်းများ သည် အသွင်ကူးပြောင်းရေး၊ ပြန်လည်ကုစား နိုင် ရေး အတွက် လုံလောက်သောသက်သေပြချက်လုံးဝမဟုတ်သကဲ့သို့ ကုစားရေးနှင့် အသွင်ကူးပြောင်းရေး လုပ်ဆောင်လာမည်ဟု ယူဆနိုင်သော နိုင်ငံရေးလုပ်ငန်းစဥ်ခြေလှမ်းအဖြစ် မှတ်ယူနိုင်ရန် မလုံလောက်ပါ။” လို့ NLD ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကတဆင့် နိုင်ငံရေးအရတရားဝင်မှု ရယူလိုတဲ့ ဟန်ပြလုပ်ရပ်တွေသာဖြစ်လို့ အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ဆောလျှင်စွာ ထိတွေ့ဆက်မှု့များပြုလုပ်ခြင်းဖြင့် မြန်မာနိုင်ငံကို ပိုမိုရှည်လျားသော နက်ရှိုင်းသည့်ပဋိပက္ခနွံတွင်းသို့ တွန်းပို့ခြင်း မပြုမိရန် ရှောင်ရှားသင့်ကြောင်း အကြံပြုထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ ဘက်စုံအကြပ်အတည်းများ ဆိုက်ရောက်နေသောကာလအတွင်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ် ထားတဲ့၊ ပြုလုပ်ရန်ကြံစည်နေကြတဲ့ မိတ်ဆွေနိုင်ငံတွေ၊ အနေဖြင့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေဟာ ပြည်သူလူထုရဲ့ ရွေးချယ်ခံအစိုးရတွေကသာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို ဥပဒေနဲ့ အညီ ပြည့်ဝစွာအကာအကွယ်ပေးနိုင်မည်ဖြစ်ပြီး ဘုံအကျိုးစီးပွားကိုဖြစ်ထွန်းစေရေး အာမခံချက် ရှိကြောင်း သတိပြုကြဖို့လည်း အကြံပြုထားပါတယ်။



















































