မေ-၂၊ ၂၀၂၆။ People’s Spring
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က သတ်မှတ်ထားတဲ့နေအိမ်ကို ရွှေ့ပြောင်းခဲ့မှုအပေါ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က မှတ်သားသိရှိကြောင်းနဲ့မတရားဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
စစ်တပ်က မတရားဖမ်းဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံးကို ပြန်လွှတ်ပေးတာက ခိုင်မာစိတ်ချရတဲ့ နိုင်ငံရေးလုပ်ငန်းစဥ်အတွက် လိုအပ်တဲ့အခြေအနေတွေ ဖန်တီးရာမှာ အခြေခံကျတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ကုလအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူကထုတ်ပြန်ပါတယ်။
ဖြစ်နိုင်ခြေရှိတဲ့ နိုင်ငံရေးအရ အဖြေရှာမှုတစ်ခုဟာ အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေးနဲ့ အားလုံးပါဝင်နိုင်တဲ့ ဆွေးနွေးမှုအပေါ် စစ်မှန်သော ကတိကဝတ်ပြုမှုတို့အပေါ်မှာ အခြေခံရမှာဖြစ်တယ်လို့ ကုလအထွေထွေအတွင်းရေးမှူးချုပ်က ထပ်လောင်းပြောကြားပါတယ်။

Public Service Announcement
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။
မေလ ၁ ရက် မနေ့က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း၊ ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ အမေရိကန် အနေနဲ့ တောင်းဆိုကြောင်း ပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး ထိခိုက်မှုတွေ ရှိနေကြောင်း သတင်းတွေအရ မြန်မာ အာဏာပိုင်တွေအနေနဲ့ သူ့ရဲ့ ကျန်းမာရေး စစ်ဆေးမှုတွေ ခံယူခွင့်ပေးဖို့လည်း တိုက်တွန်းကြောင်း အဲဒီ အရာရှိက ပြောပါတယ်။
စစ်တပ် အာဏာသိမ်းပြီး ၅ နှစ်ကျော် ကြာတဲ့အထိ မတရားပုဒ်မတွေနဲ့ အမှုဆင်ပြီး နှစ်ရှည် ထောင်ချတာ ခံထားရတဲ့ အသက် ၈၀ကျော် အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်ထားတဲ့နေအိမ်မှာ ပြစ်ဒဏ် ပြောင်းလဲ ကျခံစေမယ်လို့ စစ်တပ်က ကြေညာပြီးတဲ့နောက် အမေရိကန်က အခုလို တောင်းဆိုခဲ့တာလို့ သိရပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ကတော့ လုံခြုံရေးကောင်စီနဲ့ အထွေထွေညီလာခံတို့က တောင်းဆိုထားတဲ့အတိုင်း မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ငြိမ်းချမ်းသော အဖြေတစ်ခုရရှိစေဖို့ ကြိုးပမ်းမှုတွေမှာ ကုလသမဂ္ဂနဲ့ မိတ်ဖက်များ အထူးသဖြင့် အာဆီယံ က ဘယ်လိုကူညီပံ့ပိုးပေးနိုင်မလဲဆိုတာနဲ့ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ အစုအဖွဲ့အားလုံးနဲ့ ကုလအထူးကိုယ်စားလှယ်တို့အကြား ဆက်လက်ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ အရေးကြီးကြောင်း အလေးပေး ပြောကြားခဲ့ပါတယ်။
ကိုးကား -UN ၊ AFP





















































