close
Connect with us

Hi, what are you looking for?

သတင်း

စလင်းမြို့နယ်က ကျေးရွာတွေကို စစ်တပ် မီးရှို့ဖျက်ဆီး၊ သက်ကြီးရွယ်အို ၂ဦးကို သတ်ဖြတ်သွား

ကိုရင်တစ်ပါးနဲ့ ပြည်သူအချို့ ဖမ်းဆီးခေါ်ဆောင်သွားဟုဆို

ကိုရင်တစ်ပါးနဲ့ ပြည်သူအချို့ ဖမ်းဆီးခေါ်ဆောင်သွားဟုဆို

မေ-၂၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ စလင်းမြို့နယ်က ကျေးရွာ ၅ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် သက်ကြီးရွယ်အို ၂ဦးကို သတ်ဖြတ်ပြီး ကိုရင်တစ်ပါးနဲ့ ဒေသခံပြည်သူ ၉ဦး ဓားစာခံအဖြစ် ဖမ်းဆီးသွားတယ်လို့ ပြည်သူ့ညီနောင်-စလင်းက ဒီကနေ့ မေလ၂ရက်မှာ ထုတ်ပြန်ပါတယ်။

ဧပြီ ၃၀ရက် ည ၈နာရီဝန်းကျင်က စလင်းမြို့ကနေ စစ်တပ်က အင်အား ၁၅၀နီးပါးနဲ့ မြင်းခေါင်းကျေးရွာဝင်ရောက် စစ်ကြောင်းထိုးအထိုင်ချခဲ့ပါတယ်။ ဒါ့အပြင် တောတွင်းကျေးရွာမှာလည်း အင်အား ၈၀ခန့်နဲ့ စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် မီးရှို့သတ်ဖြတ်တာတွေ လုပ်ခဲ့တာလို့ ဆိုပါတယ်။

စစ်တပ်စစ်ကြောင်း နှစ်ကြောင်းဟာ မေ ၁ ရက်နေ့လယ် ၁နာရီမှာ တောတွင်းကျေးရွာကနေ မန်ကျည်းကုန်းကျေးရွာနဲ့ ထနောင်းကုန်းကျေးရွာတွေကို မီးလောင်ဗုံးတွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ စလင်းနဲ့ ဆင်ဖြူကျွန်းလမ်းပိုင်းဘေးက ရွာတွေကို ဝင်တာ။အရင်ကလည်း ဝင်ဖူးတယ်။အခုက မီး လောင်ဗုံး၊ဒရုန်းတွေ တော်တော်သုံးတယ်” လို့ စလင်းမြို့နယ်ကစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်စစ်ကြောင်းတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပြီး နှစ်ဖက်ထိခိုက်မှုတွေရှိတယ်လို့လည်း သူက ဆက်ပြောပါတယ်။

စစ်တပ်ဟာ ထနောင်းကုန်းကျေးရွာ မီးရှို့ဖျက်ဆီးပြီး ရွာခံဖြစ်တဲ့ ဦးမောင်ဦးနဲ့ အဖွားအိုတစ်ဦးကို ဓားစားခံအဖြစ် ခေါ်ဆောင်သွားခဲ့ပါတယ်။ ကံဆွယ်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့ခဲ့ချိန်မှာ ရွာခံ ဦးမောင်ဦးဆိုသူကို သတ်ပစ်ခဲ့ကာ အဖွားအိုတစ်ဦးကို မီးရှို့ထားတဲ့ အိမ်အတွင်းထည့်ပြီး သတ်ပစ်လိုက်တယ်လို့ ပြည်သူ့ ညီနောင်-စလင်းက ဆိုပါတယ်။

အဲဒီစစ်ကြောင်းက သဲဖို့ကုန်းကျေးရွာ၊ကြူ့ဝန်းကျေးရွာတွေကိုလည်း မီးရှို့ဖျက်ဆီးပြီး ကျေးရွာထဲကပစ္စည်းတွေနဲ့ တိရစ္ဆာန်တွေကို ယူဆောင်သွားတယ်လို့ ဖြစ်စဉ်ကိုသိရှိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ အကြမ်းဖက်စစ်ကော်မရှင်စစ်ကြောင်းဟာ ဒေသခံရွာသား ၉ဦးကို ဓါးစာခံအဖြစ်ခေါ်ဆောင်ပြီး ရှေ့ကနေလွှတ်ကာ ကြူဝန်းရွာသို့ ဝင်ရောက်ခဲ့တာလို့ ရွာခံကပြောပါတယ်၊သူတို့ စခ ၃ယောက်လည်း ဒဏ်ရာတွေရရှိပြီး ထမ်းသယ်လာတယ်” လို့ သူက ပြောပါတယ်။

စစ်တပ်စစ်ကြောင်းတွေက မြင်းခေါင်းကျေးရွာနဲ့ ရွှေဘုံသာကျေးရွာကြားမှာ လက်နက်ကြီးအထိုင်ချတပ်ချပြီးနောက် စလင်းမြို့ဘက်ကို တပ်ဆုတ်သွားတယ်လို့ သိရပါတယ်။

ဓားစာခံအဖြစ် ဖမ်းဆီးသွားသူတွေမှာ မြင်းခေါင်းကျေးရွာအရှေ့ဘက် တောကျောင်းက ကိုရင်လေးတစ်ပါးသာ အတည်ပြုနိုင်သေးပြီး ကျန်ပြည်သူ ၉ဦးရဲ့ ဇာတိနဲ့ ဖမ်းဆီးခေါ်ဆောင်ခံထားတဲ့နေရာကို စုံစမ်းနေဆဲလို့ ပြည်သူ့ညီနောင်စလင်းတာဝန်ရှိသူက ပြောပါတယ်။

စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်မီးရှို့ဖျက်ဆီးမှုတွေကြောင့် ကျေးရွာ ၁၀ရွာထက်မနည်းက ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ တိမ်းရှောင်နေရတယ်လို့လည်း အသိပေးပါတယ်။

စလင်းမြို့နယ်က စလင်း၊တညောင်၊ဆင်ဖြူကျွန်း စတဲ့မြို့ပေါ် နေရာအများစုသာ အာ ဏာသိမ်းစစ်တပ်က ထိန်းချုပ်ထားနိုင်တာ ဖြစ်ပြီး ကျန်နယ်မြေတွေကို တော်လှန်ရေးအင်အားစုတွေက စိုးမိုး ထားပါတယ်။

ဒါ့အပြင် အခုနှစ်ဆန်းပိုင်က စလင်း၊ဆင်ဖြူကျွန်းမြို့ပေါ် နေရာတွေက စစ်တပ်တပ်စွဲထားတဲ့ နေရာတွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက်စီးနင်းခဲ့တာ ရှိပါတယ်။

ဒါ့ကြောင့် စစ်တပ်က ပခုက္ကူမြို့အခြေစိုက်တပ်မ (၁၀၁)နဲ့ မကွေးမြို့အခြေစိုက် ခလရ (၂၅၃၊၂၅၄ နှင့်၂၅၅)တပ်ရင်းတွေကို စလင်းမြို့နယ်မှာ အင်အားဖြည့်ထားပါတယ်။

စလင်းမြို့နယ်က မကွေးတိုင်းအနောက်ဘက်ခြမ်းမှာရှိပြီး ဆော၊ဆိပ်ဖြူ၊ချောက်၊ရေနံချောင်း၊ပွင့်ဖြူ နဲ့ စေတုတ္တရာမြို့နယ်တွေနဲ့ ထိစပ်နေပါတယ်။

စလင်းမြို့နယ်က ကျေးရွာတွေကို စစ်တပ် မီးရှို့ဖျက်ဆီး၊ သက်ကြီးရွယ်အို ၂ဦးကို သတ်ဖြတ်သွား ကိုရင်တစ်ပါးနဲ့ ပြည်သူအချို့…

Posted by People's Spring on Saturday 2 May 2026

ရုပ်သံ – ပြည်သူ့ ညီနောင် – စလင်း

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆင်ချောင်းကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး မင်္ဂလာဆောင်ပွဲအခမ်းအနားပြုလုပ်ထားတဲ့ မဏ္ဍပ်နဲ့ နေအိမ် ၅ဝ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် မင်္ဂလာဧည့်ခံပွဲအတွက် ချက်ပြုတ်ထားတဲ့ အစားအသောက်တွေလည်း ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်၊မိုးမိတ်မြို့ကို စစ်တပ်က စစ်ကားအစီး၂၀ကျော်နဲ့ အင်အားဖြည့်တင်းပြီးနောက်ရှမ်းပြည်နယ်အစပ်က မြို့နယ်တွေကို စစ်ကြောင်းထိုးလာနိုင်တယ်လို့ တော်လှန်ရေးသတင်းအရင်းမြစ် တွေက သုံးသပ်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေမြို့က မုန်းချောင်းတံတားကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့လို့ ချင်းတော်လှန်ရေးရဲဘော် ၂ဦး ကျဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့နဲ့ ရိဒ်ခေါ်ဒါမြို့ကြားက ခေါပွီချိပ်ကျေးရွာကို အာဏာသိမ်းစစ်တပ်က မေလ ၁ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သေဆုံးသူ ၇ဦးအထိရှိလာပြီး ကလေးငယ် ၆ဦး ပါဝင်တယ်လို့ ချင်းဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။