close
Connect with us

Hi, what are you looking for?

သတင်း

ဖလမ်းမြို့ပြန်ရဖို့ ပိုကြီးမားတဲ့အင်အားနဲ့ပြန်လာဖို့ရှိဟု ချင်းတပ် CNO/CNDFပြော

ချင်းပြည်နယ်၊ ဖလမ်းမြို့ကနေ ခွာစစ်ဆင်ခဲ့ရပေမယ့် ပိုမိုကောင်းမွန်တဲ့ ပိုမိုကြီးမားတဲ့ အင်အားနဲ့ ပြန်လာဖို့ရှိတယ်လို့ ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။

(ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - CNDF)

မေ -၂၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ ဖလမ်းမြို့ကနေ ခွာစစ်ဆင်ခဲ့ရပေမယ့် ပိုမိုကောင်းမွန်တဲ့ ပိုမိုကြီးမားတဲ့ အင်အားနဲ့ ပြန်လာဖို့ရှိတယ်လို့ ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။

ဒီကနေ့ မေ ၂ရက်မှာကျင်းပတဲ့ ချင်းညီနောင်(CB)အတွက် ရန်ပုံငွေရှာဖွေပွဲ ICNCC/CB ခေါင်းဆောင်တွေရဲ့စကားဝိုင်းမှာ ဆလိုင်းတင်မီက ဖလမ်းဒေသအခြေအနေကို အခုလို ရှင်းလင်းအသိပေးခဲ့တာပါ။

စစ်ကောင်စီဟာ ၂၀၂၅အောက်တိုဘာ ၂၉ရက်မှာ ဖလမ်းမြို့ကို စစ်ကြောင်း လေးကြောင်းနဲ့ တက်လာရာ ချင်းညီနောင်နဲ့ ချင်းပြည်ကောင်စီ အတူတကွ စည်းစည်းလုံးလုံးနဲ့ ၆လကြာ ဟန့်တားနိုင်ခဲ့ကြောင်း ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီ သေဆုံးထိခိုက်ကာ လက်နက်ကြီးလက်နက်ငယ် ၂၀၀ ကျော် သိမ်းရခဲ့ဟု အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“စကမ ဘက်က လေယာဉ်တွေရော လူအင်အားရော အလွန်အကျွံ အသာစီးသုံးတဲ့ အခါမှာ ကျနော်တို့ လက်လွှတ်ပေးရတဲ့ အခြေအနေမှာတော့ရှိတယ်။ ဒါပေမဲ့ ယနေ့အချိန်ထိ ဖလမ်းအနီးတ၀ိုက် တွေမှာ တိုက်ပွဲတွေရှိနေဆဲဖြစ်တယ်။သူတို့ ရည်ရွယ်ချက်က ဖလမ်းမြို့ တမြို့လုံးကို သိမ်းပိုက်ပြီးမှ ဟားခါး-ဖလမ်း လမ်းပိုင်း၊ ဖလမ်း-သိုင်းငင်းလမ်းပိုင်းရယ် နောက်ပြီးတော့ နယ်စပ်မြို့ဖြစ်တဲ့ ရိဒ်ခေါ်ဒါတို့ဘာတို့ အကုန်လုံး ပြန်စိုးမိုးနိုင်ဖို့ရန်အတွက် ပြောမယ်ဆို ချင်းပြည်နယ်မြောက်ပိုင်းကတဆင့် ထန်တလန်မြို့နယ်တခုလုံးပါ စိုးမိုးနိုင်ဖို့ရန်အတွက်ဆိုတဲ့ ပုံစံနဲ့ သူတို့ စစ်ဆင်ရေးလုပ်တာဖြစ်ပါတယ်” လို့ ဆလိုင်းတင်မီက ပြောပါတယ်။

လတ်တလောမှာ ဖလမ်းမြို့ကို လက်လွှတ်ပေးရပေမယ့် စိတ်ဓာတ်ကျစရာ မရှိ၊ အခုထက် စုဖွဲ့မှု ပြင်ဆင်မှုများလုပ်ရမယ်ဆိုတဲ့ သင်ခန်းစာရကြောင်း ဆလိုင်းတင်မီက ပြောပါတယ်။

အိမ်ရှင်ဖြစ်တဲ့ CNO/CNDF ချင်းညီနောင်က စုဖွဲ့မှုသေချာပြန်လုပ်ပြီး ဘယ်လိုဆက်သွားမလဲဆိုတာ ပြင်ဆင်နေတယ်လို့ အသိပေးပါတယ်။

” ဖလမ်းမြို့ကျလို့ တော်လှန်ရေးကြီး တခုလုံးနစ်နာသွားသလားပြောရင် နစ်နာတဲ့အပိုင်းတော့ ရှိရင်ရှိပေမယ့် ဒါပေမဲ့ ဒီဟာကအဆုံးအဖြတ်ပေးတာ မဟုတ်ပါဘူး” လို့ ဆလိုင်းတင်မီက ပြောပါတယ်။

လတ်တလောမှာ ထိန်းချုပ်နယ်မြေကို ခဏပြန်ပေးရတဲ့ အခြေအနေလို့ သူက အသိပေးပါတယ်။

“ခွာစစ်လုပ်တဲ့သဘောပဲဖြစ်ပါတယ်။ ပြန်လုပ်မယ်။ လုပ်စရာလုပ်ငန်းတွေ အများကြီး ရှိသေးတယ်။ ဒီထက်ကောင်းတဲ့ ဒီထက်ကြီးမားတဲ့ အင်အားနဲ့ ကျနော်တို့ပြန်လာဖို့ရှိတယ်။ ဒီဟာတွေကိုလည်း ကျနော်တို့ပြင်ဆင်နေပါတယ်ဆိုတာ မိဘ ပြည်သူများဆီမှာပြောချင်ပါတယ်” လို့ ဆလိုင်းတင်မီက ပြောပါတယ်။

စစ်ရဲ့သဘောသဘာ၀အရကတော့ အားကြီးတဲ့သူက နိုင်တာဖြစ်လို့ စစ်ကောင်စီ တပ်တွေထက် ပိုအားကြီးအောင် ကြိုးစားရမယ်လို့ ပြောပါတယ်။

” သူတို့ကြောင့် ငါတို့ကြောင့်၊ ဒါကြောင့်၊ ညာကြောင့်ဆိုတာ မဟုတ်ဘဲနဲ့ကျနော်တို့ရဲ့ တော်လှန်ရေးလမ်းစဉ်မှာ တော်လှန်ရေးခရီးမှာ သင်ယူရမယ့်အရာတွေအများကြီးရှိတယ်။ကျရှုံးတိုင်းသာ အရှုံးပေးမယ်ဆိုရင် ကျနော်တို့ဟာ ဘယ်တော့မှကျန်တော်တို့ပန်းတိုင်ကိုရောက်မှာ မဟုတ်ဘူး” လို့လည်း ဆလိုင်းတင်မီက ပြောပါတယ်။

ချင်းညီနောင်ဟာ ဖလမ်းမြို့ကို ၂၀၂၅ ဧပြီမှာ သိမ်းပိုက်နိုင်ခဲ့ရာ တစ်နှစ်အကြာမှာ ပြန်လည်လက်လွှတ်လိုက်ရတာဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ လက်ရှိမှာ ဖလမ်းကနေ ဟားခါးမြို့ကို စစ်ကြောင်းထိုးနေလို့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့နဲ့ ရိဒ်ခေါ်ဒါမြို့ကြားက ခေါပွီချိပ်ကျေးရွာကို အာဏာသိမ်းစစ်တပ်က မေလ ၁ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သေဆုံးသူ ၇ဦးအထိရှိလာပြီး ကလေးငယ် ၆ဦး ပါဝင်တယ်လို့ ချင်းဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဖလမ်း - ဟားခါးကြားမှာလည်း စစ်တပ်ရဲ့ဒရုန်းကြောင့် မိန်းကလေးငယ် တစ်ဦးသေဆုံး

သတင်း

ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းနဲ့ ဟားခါးမြို့နယ်ကြားမှာ ချင်းပြည်ကောင်စီ ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ချင်းပြည်ကောင်စီအဖွဲ့ဝင် ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

လက်ရှိနွေဦးတော်လှန်ရေးရဲ့ ဖြစ်ပေါ်တိုးတက်မှုအခြေအနေတွေအပါအဝင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ချင်းရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(AA)ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်က ဒီကနေ့ ဧပြီ ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။