close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းပြတ်ရွေ့သဘာ၀အရ နောက်ဆက်တွဲ ဘေးအန္တရာယ်သတိပြု နေထိုင်ဖို့ အပြန်အလှန် ဖေးမစောင့်ရှောက်ဖို့ NUG မေတ္တာရပ်ခံ

စစ်ကိုင်းပြတ်ရွေ့သဘောသဘာဝအရ နောက်ဆက်တွဲ သဘာဝ ဘေးအန္တရာယ်များနဲ့ ပတ်သက်ပြီး အမြဲမပြတ် အထူးသတိပြုနေထိုင်ကြဖို့နဲ့အပြန်အလှန် စာနာဖေးမကာ ကူညီစောင့်ရှောက်ကြဖို့ မေတ္တာရပ်ခံကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

စစ်ကိုင်းငလျင်ကြီးကြောင့် လမ်းမားရွေ့လျားသွားတာကို The Spirit of brotherhood mission က မှတ်တမ်းဓါတ်ပုံရိုက်ကူးထားမှု။ ဓါတ်ပုံ- TSBM

မတ်-၂၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

စစ်ကိုင်းပြတ်ရွေ့သဘောသဘာဝအရ နောက်ဆက်တွဲ သဘာဝ ဘေးအန္တရာယ်များနဲ့ ပတ်သက်ပြီး အမြဲမပြတ် အထူးသတိပြုနေထိုင်ကြဖို့နဲ့အပြန်အလှန် စာနာဖေးမကာ ကူညီစောင့်ရှောက်ကြဖို့ မေတ္တာရပ်ခံကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

လူဦးရေ ထောင်ချီအသက်ဆုံးရှုံးခဲ့ရတဲ့ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက် စစ်ကိုင်း ငလျင် တနှစ်ပြည့် ကြေညာချက်မှာ အခုလို မေတ္တာရပ်ခံခဲ့တာပါ။ ငလျင်ဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသူများ၊ မိသားစုနဲ့ ခွဲခွာခဲ့ရသူများ၊ ထိခိုက်ဒဏ်ရာရရှိခဲ့သူများ၊ အိုးအိမ်မဲ့ဖြစ်ခဲ့ရတဲ့ ပြည်သူများအားလုံးနဲ့အတူ ထပ်တူထပ်မျှ အထူး ဝမ်းနည်းကြေကွဲကြောင်းလည်း ဖော်ပြပါတယ်။

အင်အား ရစ်ခ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ စစ်ကိုင်းငလျင်နဲ့ နောက်ဆက်တွဲ ငလျင်တွေကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နေပြည်တော်နဲ့ ပဲခူးတိုင်းတို့မှာ ပြည်သူ ၄၀၀၀ ကျော် သေဆုံးကာ ၃၆၀၀ ကျော်ဒဏ်ရာရပြီး ၃၅၀ ကျော် ပျောက်ဆုံးကာ နေအိမ်အဆောက်အအုံများစွာ ပျက်စီးခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ သဘာဝဘေးအန္တရာယ်ဟာ နိုင်ငံသူ၊ နိုင်ငံသားများ ခေတ်ဆိုး၊ စနစ်ဆိုးများ ကြားမှ ရုန်းကန်နေရတဲ့ အချိန်အတောအတွင်း ကျရောက်ခဲ့ခြင်းဖြစ်လို့ ပြည်သူတို့ရဲ့ သောက ဗျာပါဒကို ပိုမိုကြီးထွားကာ ပြည်သူများအပေါ် နှစ်ထပ်ကွမ်း ဒုက္ခဖြစ်စေခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါပေမဲ့ ဘေးဒုက္ခများကြားမှပင် တစ်ဦးပေါ်တစ်ဦး ရိုင်းပင်းကူညီကြသော မြန်မာပြည်သူတို့ရဲ့ “ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စိတ်ဓာတ်” နဲ့ “ ခိုင်မာသော ဇွဲသတ္တိ” တို့ဟာ ညီညွတ်ရေးရဲ့ ပြယုဂ် အဖြစ် ထင်ရှားခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။

NUG အနေနဲ့ လည်း ငလျင်ဘေး ကယ်ဆယ်ကူညီဖို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ “ ထိုးစစ်ခေတ္တရပ်စဲရေး” ကို ကြေညာ ခဲ့ပြီး “ ပြည်သူမှ ပြည်သူသို့ အစီအမံ” ဖြင့် ငလျင်ဘေးအရေးပေါ်တုံ့ပြန်ရေးနဲ့ ပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် ပြည်တွင်းပြည်ပမှ အလှူရှင်တွေနဲ့ ချိတ်ဆက်ကာ မြို့နယ်ပေါင်း (၄၆) မြို့နယ်ရှိ အိမ်ထောင်စု နှစ်သောင်းကျော် ကို ငွေကျပ် သန်းပေါင်း ၆ထောင်ကျော် အသုံးပြု ပံ့ပိုးပေးခဲ့သလို ပျက်စီးသွားတဲ့ အဆောက်အအုံ လမ်းတံတား စတဲ့ အခြေခံ အဆောက်အဦ တွေ ပြုပြင်တာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ပြန်ထူထောင်ပေးတာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပံ့ပိုးမှုများကို လုပ်ဆောင်တာ တွေ ပြုလုပ်ခဲ့ကြောင်း အသိပေးပါတယ်။ အထူးသဖြင့် မတရားမှုနဲ့ သဘာဝဘေးဒဏ် နှစ်ရပ်လုံးကို ခါးစည်းခံနေရသော စစ်ကိုင်းတိုင်းအပါအဝင် တော်လှန်ရေးနယ်မြေများရှိ ဘေးဒဏ်သင့်ပြည်သူများထံသို့ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ အချိန်မီရောက်ရှိနိုင်ရေးအတွက် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ၊ ဒေသန္တရအုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း များနဲ့ ဟန်ချက်ညီညီ ပူးပေါင်းကာ ကြိုးပမ်းခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

တဖက်မှာ စစ်အုပ်စုအနေနဲ့ ငလျင်ဘေးကြုံနေရချိန်မှာပင် လေကြောင်း တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့လို့ ဘေးသင့်ပြည်သူတွေ ဒုက္ခနဲ့ ထပ်မံ ရင်ဆိုင်ခဲ့ရတယ်လို့ အသိပေးပါတယ်။
ဒါ့အပြင် စစ်အုပ်စုဟာ နိုင်ငံတကာက ပေးပို့တဲ့ ရှာဖွေကယ်ဆယ်ရေးနဲ့ လူသားချင်းစာနာမှု အကူအညီများကို ကန့်သတ်ပိတ်ပင်ခဲ့ခြင်း၊ ဘေးသင့်ပြည်သူများအပေါ် ခွဲခြား ဖယ်ကြဉ်မှုများ ပြုလုပ်ခဲ့ခြင်းတို့ကြောင့် အမှန်တကယ် အကူအညီလိုအပ်နေသူများစွာ ဒုက္ခရောက် ခဲ့ရကြောင်း ဖော်ပြပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ အုပ်ချုပ်မှုအောက်တွင် စံချိန်စံညွှန်းမမီသော အထပ်မြင့်အဆောက်အအုံများအား ခွင့်ပြုခဲ့တာ၊ အရေးပေါ်တုံ့ပြန်ရေးစနစ် များ အားနည်းတာနဲ့ နိုင်ငံတကာအကူအညီများကို ကန့်သတ်ခွဲခြားတာ တို့ကြောင့် ပြည်သူတွေ မလိုလားအပ်တဲ့ ဆုံးရှုံးမှုများနဲ့ ပိုကြီးမားတဲ့ဒုက္ခတွေ ရင်ဆိုင်ခဲ့ရတာလို့လည်း NUGက သုံးသပ်ထားပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲရေး ကဏ္ဍဟာ အဲဒီ နိုင်ငံရဲ့ တရားမျှတသော နိုင်ငံရေးစနစ်ပေါ်တွင် မှီတည်နေလို့ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ယခုဖြစ်ရပ်ကို သင်ခန်းစာယူကာ နောင်တစ်ချိန်တွင် သဘာဝဘေးအန္တရာယ်များကို ကြံ့ကြံ့ခံနိုင်ရုံမျှမက၊ ပြည်သူတို့ရဲ့ ဘဝလုံခြုံမှုကို အပြည့်အဝ အာမခံချက်ပေးနိုင်တဲ့ တရားမျှတသော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ဆောက်သွားမယ်လို့ ကတိပြုကြောင်းလည်း ထုတ်ပြန်ပါတယ်။

(စစ်ကိုင်းငလျင်ကြီးကြောင့် လမ်းမားရွေ့လျားသွားတာကို The Spirit of brotherhood mission က မှတ်တမ်းဓါတ်ပုံရိုက်ကူးထားမှု။ ဓါတ်ပုံ- TSBM)

ဆက်စပ်သတင်းများ

အတွေးအမြင်

ကံဆိုးချင်​တော့ စစ်အာဏာရှင် ၂ ဦး​အောက်မှာ ဖျက်အားကြီးမားတဲ့သဘာဝ​ဘေးအန္တရာယ်ကြီး နှစ်ခုကို ကျွန်​တော်တို့ကြုံခဲ့ရတယ် ။ ၂၀၀၈ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း နဲ့ ၂၀၂၅ စစ်ကိုင်းငလျင်ကြီးပါ။

ဆောင်းပါး

စစ်ကိုင်းငလျင်ကြီးလှုတ်ခတ်သွားခဲ့တာ ဒီကနေ့ တစ်နှစ်တင်းတင်း ပြည့်ပါပြီ။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးကြောင့် သေဆုံးသူ ၃၈၁၈ ဦး၊ ပျောက်ဆုံးသူ ၅ ဦးနဲ့ ဒဏ်ရာရရသူ ၅၁၀၄ ဦး ရှိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပေမဲ့...

အတွေးအမြင်

လွန်ခဲ့တဲ့နှစ် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက် နေ့လယ်ခင်းကို အခုချိန်ထိ မေ့လို့မရသေးပါဘူး ။ အဲဒီအချိန်က ကျနော်ဟာ အိမ်ရဲ့ ထမင်းစားပွဲမှာ ထိုင်နေတုန်း "ဝေါကနဲ" ဆိုတဲ့ မြည်ဟိန်းသံကြီး ထွက်ပေါ်လာပါတယ် ။

သတင်း

မြန်မာပြည်အလယ်ပိုင်းက ငလျင်ဘေးရော၊ စစ်ဘေးရော တွေ့ကြုံခံစားခဲ့ကြရတဲ့ ပြည်သူလူထုအတွက် ရန်ပုံငွေရှာဖွေပွဲနဲ့ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်မှု တစ်နှစ်တာအတွင်း ကြံ့ကြံ့ခံရုန်းကန်ခဲ့ကြတဲ့ ပြည်သူလူထုရဲ့ အခြေအနေကို ထင်ဟပ်နိုင်မယ့် ဓာတ်ပုံပြပွဲကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ လာမယ့် မတ်လ ၂၈ရက်မှာ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။