People’s Spring
ထိုင်းနိုင်ငံ တောင်ဖက်စွန်း၊ မလေးရှားနဲ့ နယ်စပ်နားက မြို့တစ်မြို့မှာလက်နက်ကိုင်သောင်းကျန်းသူတွေရဲ့ တိုက်ခိုက်မှုကြောင့် ကျီးလန့်စာစား အခြေအနေတွေ ဖြစ်ပေါ်ပြီး အရေးပေါ် လုံခြုံရေး အစီအမံတွေ မြှင့်တင်ထားရတယ်လို့ ဘန်ကောက်ပို့စ်သတင်းစာကဖော်ပြပါတယ်။
မတ်လ ၈ ရက်နေ့ ညပိုင်းတုန်းက နာရာသီဝပ် ပြည်နယ်ရဲ့ အဓိက မြို့ကြီး တစ်ခုဖြစ်တဲ့ ဆူဂိုင်ကိုလက်ခ် မြို့မှာ အနက်ရောင် ဝတ်ထားတဲ့ သေနတ်သမားတွေရဲ့ ရမ်းကား ပစ်ခတ်မှုကြောင့် ဒေသခံ စေတနာ့ဝန်ထမ်း လုံခြုံရေး အဖွဲ့ဝင် နှစ်ဦး သေဆုံးပြီး လူ ၁၁ ဦး ဒဏ်ရာရခဲ့ကြောင်း Bangkok Post သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
အဲဒီ သောင်းကျန်းသူတွေဟာ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ရုံသာ မကဘဲ ရထားသံလမ်း တစ်နေရာနဲ့ စျေးဝယ်စင်တာ တစ်ခုနားမှာလည်း ဗုံးတွေ ဖောက်ခွဲခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement
အဲဒီနေ့မှာပဲ နာရာသီဝပ်နဲ့ ကပ်လျက်တည်ရှိတဲ့ ပတ္တာနီ ပြည်နယ်ထဲမှာ ကင်းလှည့် လုံခြုံရေး ယူနစ်တစ်ခု ခြုံခို တိုက်ခိုက် ခံရလို့ တပ်ဖွဲ့ဝင် ၁ ဦးသေပြီး ဒေသဆိုင်ရာ အရာရှိ ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။
လတ်တလောမှာတော့ အာဏာပိုင်တွေဟာ နာရာသီဝပ်မှာ လုံခြုံရေး ကြေညာချက် အရေးပေါ် ထုတ်ပြန်ထားပြီး နောက်ထပ် ကြုံလာနိုင်တဲ့ လက်နက်ကိုင် တိုက်ခိုက်မှုတွေအတွက် ကာကွယ်ရေး အစီအမံတွေကို အပူတပြင်း လုပ်ဆောင်နေပါတယ်။
မျက်မြင်တွေရဲ့ အဆိုအရ ဒေသစံတော်ချိန် ည ၇ နာရီ ၁၀ မိနစ်လောက်မှာ ပစ်ကပ်ကား တစ်စီးအပြည့် စီးနင်းလိုက်ပါလာပြီး အစ္စလာမ်မစ် ရိုးရာ ဒါဝါဝတ်စုံ အနက်ရောင်တွေ ဝတ်ဆင်လာသူ အမျိုးသားတွေဟာ ဆွန်ဂိုင်ကိုလော့ခ် ခရိုင်အုပ်ချုပ်ရေးရုံး ရှေ့ကို ရောက်လာခဲ့ကြောင်း သိရပါတယ်။
အဲဒီနောက် သေနတ်သမားတွေဟာ ကားပေါ်က ခုန်ချပြီး ရုံးအဆောက်အအုံထဲ ဗုံးတွေ ပစ်သွင်းခဲ့သလို လုံခြုံရေး အစောင့်တွေကို သည်းသည်းမည်းမည်း စတင်ပစ်ခတ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့သူတို့ရဲ့ကားပေါ် ပြန်တက်ပြီး ထွက်ပြေးသွားခဲ့ကြပါတယ်။ ကားနဲ့ ထွက်ခွာ မသွားခင်မှာ ရုံးဝင်း အပြင်ဖက်မှာ ရပ်ထားတဲ့ ကားတစ်စီးနဲ့ ဆိုင်ကယ်တစ်စီးမှာ လျှို့ဝှက်ပြီး ထောင်ထားတဲ့ ဗုံးတွေကိုလည်း ဖောက်ခွဲသွားခဲ့ပါတယ်။
သိပ်မကြာခင်မှာပဲ ဆွန်ဂိုင်ကိုလော့ခ် မြို့ထဲက မီးရထားလမ်းနဲ့ ကားလမ်းကြား နေရာတစ်ခုမှာ ဗုံးကွဲခဲ့ပြီး နောက်ထပ် ၂ မိနစ် အကြာမှာတော့ Big C စျေးဝယ်စင်တာနားမှာ ဗုံးထပ်ပေါက်ခဲ့ပါတယ်။
မတ်လ ၉ ရက်နေ့မှာတော့ အာဏာပိုင်တွေက သေနတ်သမားတွေကို အပူတပြင်း စုံစမ်းရှာဖွေနေပြီး ဒေသခံတွေကိုလည်း တတ်နိုင်သမျှ အိမ်အပြင် မထွက်ကြဖို့ တိုက်တွန်းထားပါတယ်။ ဒဏ်ရာ ရသူတွေအတွက် သွေးလိုအပ်တာကြောင့် ဆေးရုံတွေမှာ သွေးလှူဒါန်းပေးကြဖို့ နှိုးဆော်မှုတွေလည်း ရှိနေပါတယ်။
ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ နေရာတွေ တဝိုက်က လမ်းတွေကိုတော့ မတ်လ ၉ ရက်နေ့ထိ ပိတ်ထားဆဲ ဖြစ်ပါတယ်။ နာရာသီဝပ်က တခြားနေရာ တစ်ခုမှာ ဗုံးကွဲလို့ ဓာတ်တိုင်တွေ ပျက်စီးခဲ့ပြီး နောက်ထပ် မပေါက်ကွဲတဲ့ ဗုံးတစ်လုံးကိုလည်း သီးခြား ရှာတွေ့ခဲ့ပေမယ့် အဲဒီ ဖြစ်စဉ်တွေမှာတော့ ဒဏ်ရာရသူ မရှိခဲ့ပါဘူး။
ညပိုင်း တိုက်ခိုက်မှုတွေအပြီး ဒေသတွင်းမှာ ထိတ်တလန့်နဲ့ စိုးရိမ်မှုတွေ ပျံ့နှံ့နေပါတယ်။ အာဏာပိုင်တွေကတော့ လူထုကို လုံခြုံရေး အာမခံချက် အပြည့်ပေးပြီး ပုံမှန် အခြေအနေ အမြန်ဆုံး ပြန်ရောက်နိုင်အောင် အစွမ်းကုန် လုပ်ဆောင်နေကြောင်း ပြောကြားထားပါတယ်။
နာဝါသီဝပ် အပါအဝင် ထိုင်းတောင်ပိုင်း ဒေသတချို့ဟာ ၁၉၄၈ ခုနှစ် နောက်ပိုင်းကစလို့ လက်နက်ကိုင် ခွဲထွက်ရေး ပုန်ကန်မှုတွေနဲ့ ကြုံတွေ့နေရပြီး ပင်လယ်ဓားပြနဲ့ မူးယစ်မှောင်ခို ဂိုဏ်းတွေလည်း လှုပ်ရှားနေတယ်လို့ဘန်ကောက်ပိုစ်ကဖော်ပြပါတယ်။
လက်ရှိဝန်ကြီးချုပ်ဖေထောင်ထန်ရဲ့ဖခင် ဝန်ကြီးချုပ်ဟောင်းသက်ဆင်ဟာ ဖေဖော်ဝါရီလထဲမှာပဲ ထိုင်းတောင်ပိုင်းကိုသွားရောက်ခဲ့ပါသေးတယ်။
အခုဖြစ်စဥ်တွေကြောင့် ထိုင်းနိုင်ငံတောင်ပိုင်းကိုခရီးမသွားကြဖို့ မလေးရှားအစိုးရကသူ့နိုင်ငံသားတွေကို သတိပေးထားပါတယ်။
ကိုးကား-Bangkok Post
