close
Connect with us

Hi, what are you looking for?

သတင်း

ကနီမြို့နယ် နတ်ကြီးကျေးရွာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်၊ ပြည်သူနှစ်ဦး ထိခိုက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် နတ်ကြီးကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု (၁၅)ကြိမ်ခန့် ပြုလုပ်ခဲ့ကြောင်း ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖမှ ပြန်ကြားရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ ပေါက်ကွဲမှုဖြစ်ပွားစဥ်နှင့် ထိခိုက်ပျက်စီးမှုအခြေနေအချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - CJ/ကနီ-ပကဖ

ကျော်ဇော/People’s Spring

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် နတ်ကြီးကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု (၁၅)ကြိမ်ခန့် ပြုလုပ်ခဲ့ကြောင်း ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖမှ ပြန်ကြားရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဖေဖော်ဝါရီ ၁၂ ရက်)နံနက် ၁၁နာရီခန့်က တံတားဦးဘက်မှလာသည့် Jet Fighter တစ်စီးနှင့် မကွေးလေတပ်မှလာသည့် Jet Fighter တစ် စီးသည် နတ်ကြီးကျေးရွာအား ၁၅ကြိမ်ခန့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားကြောင်း ၎င်းပြန်ကြားရေးတာ ဝန်ခံက ပြောသည်။

“တိုက်ခိုက်မှု ၁၅ကြိမ်မှာ ဗုံးကြဲတယ်။ Rocket နဲ့ထုတယ်။ စက်သေနတ်နဲ့လည်းပစ်တယ် အစုံပဲ။ နတ်ကြီးရွာထဲကိုတော့ စက်သေနတ်နဲ့ပစ် တယ်” ဟု ကနီမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စိုက်ခင်းအတွင်း အလုပ်လုပ်နေသည့် ဒေသခံပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ဆိပ်ကမ်းအနီး စျေးဆိုင်ငယ်တစ်ဆိုင်လည်း ပျက်စီးသွားကြောင်း ၎င်းက ဆက်ပြောသည်။

“မစိုးရိမ်ရတွေလို့တော့ ကနဦး သိထားရပါတယ်ဗျ။ ဆိုင်က ဆိပ်ကမ်းစျေးဆိုင်လေးပါဗျ။ အရင်တစ်ခါ လေယာဥ်ဝဲပြီးကတည်းက စျေးမရောင်းရဲတော့ပါဘူးဗျာ။ ဆိုင်ရှင်တွေ မရှိပါဘူး”ဟု အထက်ပါ တာဝန်ခံက ရှင်းပြသည်။

စစ်ကောင်စီတပ်က ကနီမြို့နယ်တွင် လေယာဥ် အပါအဝင် စက်တပ်လေထီး (Paramotor)များဖြင့် ဗုံးကြဲတိုက်ခိုက်လျှက်ရှိရာ ဖေဖော်ဝါ ရီ ၂ ရက်တွင် ထောက်ကြံကုန်း-အိုင်သားအနီး တစ်ကြိမ်၊ ၇ ရက်တွင် ဆူးလေကုန်းကျေးရွာအနီး တစ်ကြိမ်နှင့် ၁၀ ရက်တွင် နတ်လာပို့(မြောက်) ကျေးရွာသို့ တစ်ကြိမ်ရှိရာ ယနေ့အပါအဝင် (၄)ကြိမ်ရှိပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ ယခု လေကြောင်းတိုက်ခိုက်ခံရသည့် နတ်ကြီးကျေးရွာသည် အိမ်ထောင်စု ၉၀၀ ကျော်၊ လူဦးရေ ၄၅၀၀ ခန့်ရှိပြီး စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကို (၄)ကြိမ်အထိခံထားရသည့် ကျေးရွာတစ်ရွာလည်း ဖြစ်သည်။

(စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ ပေါက်ကွဲမှုဖြစ်ပွားစဥ်နှင့် ထိခိုက်ပျက်စီးမှုအခြေနေအချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ – CJ/ကနီ-ပကဖ)

ဆက်စပ်သတင်းများ