သုည/People’s Spring
စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးအဖြစ် ဒီကနေ့ (စက်တင်ဘာ ၁၆)မှာလည်း အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစုက ဦးဆောင်ကာ (၇၉)ကြိမ်မြောက် ကုလသမဂ္ဂသံတမန်ရေးရာတိုက်ပွဲမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းအား ဆက်လက်ထားရှိဖို့ ထောက်ခံဆန္ဒပြုသပိတ် ပြုလုပ်ခဲ့ကြပါတယ်။

Public Service Announcement
ဆန္ဒထုတ်ဖော်ကြတဲ့ ပြည်သူတွေက “Our Ambassador Myanmars Voice ငါတို့သံအမတ်ကြီးသည် ငါတို့မြန်မာပြည်ရဲ့အသံ ဖြစ်သည်” စာသားကို ကိုင်ဆောင်ပြီး မြန်မာပြည်သူလူထုကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ထောက်ခံကြောင်း ပြသခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည်ရွှေရေကြည် လူထုသပိတ်စစ်ကြောင်းက ဒေသတွင်း မြေပြင်မငြိမ်သက်မှုတွေ၊ ရာသီဥတုဆိုးဝါးမှုတွေကြားက အာဏာသိမ်းစစ်တပ်နဲ့ မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။
ယင်းမာပင်မြို့နယ် မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းက ရွာပေါင်းစုံသပိတ်စစ်ကြောင်းနဲ့အတူ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြခဲ့ပါတယ်။
