“KIA အနေနဲ့ FN-6 လို MANPADS မျိုးပိုင်ဆိုင်ထားတာကို သိသိသာသာ ထုတ်ဖော်ပြသလာတာလဲ နည်းနည်းတော့ ထူးခြားတယ်ပြောရမယ်”
−Tactical Raptor
ဟန်နွေ/People’s Spring
ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဌာနချုပ် လိုင်ဇာအနီး နားဖော့ဒေသ၌ စစ်ကောင်စီ ထောက်ပို့ ရဟတ်ယာဉ်တစ်စီးကို ယခု ၂၀၂၄ ဇန်နဝါရီ လဆန်းတွင် KIAက ပစ်ချခဲ့ရာ တရုတ်နိုင်ငံထုတ် လေယာဉ်ပစ် လက်နက် FN-6 အမျိုးအစား ပခုံးထမ်းလက်နက်ကို အသုံးပြုခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်နှင့် စစ်လက်နက်ပစ္စည်းလေ့လာ အသိပေးလျက်ရှိသည့် Tactical Raptor တို့ကဖော်ပြသည်။
စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၁ ဦး နှင့် ဗိုလ်ကြီး ၂ ဦး အပါအဝင် ၈ဦးခန့် သေဆုံးခဲ့သည့် အဆိုပါတိုက်ခိုက်မှုသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃ရက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။စစ်တပ်၏ Mi-17 ရဟတ်ယာဉ် ပစ်ချမှု ရုပ်သံမှတိတမ်းသည် စက်တင်ဘာ ၆ ရက်၌ လူမှုကွန်ရက်၌ ပျံ့နှံ့ လာခြင်းဖြစ်သည်။ ယခင်ကလည်း စစ်တပ် ရဟတ်

Public Service Announcement
ယာဉ် ကိုတော်လှန်ရေးတပ်များက ပစ်ခတ်ခဲ့သော ရုပ်သံ ထွက်ပေါ်ခဲ့သော်လည်း စက္ကန့် ၃၀ ကြာသော ယခုရုပ်သံမှတ်တမ်းတွင် စတင်ပစ်ခတ်ချိန်မှ ထိမှန်ပြီး ရဟတ်ယာဉ် ပျက်ကျသည်အထိ ဖြစ်စဉ် အစအဆုံး ပါဝင်သည်။
အဆိုပါ ရုပ်သံဖိုင်နှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူအား စက်တင်ဘာ ၅ ရက်က မေးမြန်းရာ ဖြစ်ရပ် အဟောင်းသာဖြစ်ကြောင်း ဖြေကြားသည်။
“ နားဖော့မှာကတော့ စကခလည်းမရှိတော့ဘူး။ ဘာမှ လည်းမရှိတော့ဘူး။” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
KIA အနေဖြင့် ၂၀၂၄ ခုနှစ် မတ်လကစတင်ခဲ့သည့် ၀၃၀၇ စစ်ဆင်ရေးတွင် စစ်ကောင်စီ တပ်စခန်းတစ်ရာကျော်နှင့် မြို့များစွာကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာ နားဖော့ဒေသ လည်းပါဝင်ပြီးယခုအခါ ဒေသတွင်း စစ်ကောင်စီတပ်များ ကင်းစင်ကာ KIAက ထိန်းချုပ်ထားခြင်းဖြစ်သည်။ နားဖော့တပ်စခန်းကို KIA က မတ်လ ၂၁ရက်တွင် သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
ရဟတ်ယာဉ် ပစ်ချခဲ့မှု ရုပ်သံမှတ်တမ်းကို ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ၂၀၂၃ ခုနှစ် ဇန်နဝါရီ လဆန်းတွင် KIA ဌာနချုပ် လိုင်ဇာအနီး နားဖော့တောင် စစ်ကောင်စီ ဗျူဟာတပ်စခန်းကို ရိက္ခာသွားပို့သည့် ထောက်ပို့ ရဟတ်ယာဉ်ကို KIA က ပခုံးထမ်း လက်နက်ဖြင့် ပစ်ခတ်ခဲ့သည့် ရုပ်သံဖြစ်ကြောင်း အတည်ပြုသည်။
စစ်လက်နက်ပစ္စည်း လေ့လာ အသိပေး ဖော်ပြလျက်ရှိသည့် Tactical Raptor ကလည်း ရဟတ်ယာဉ် ပစ်ခတ်နေသည့် ရုပ်သံကို ဖော်ပြကာ “KIA တပ်ဖွဲ့ဝင်တွေကနေ စကစရဲ့ Mi-17 ရဟတ်ယာဉ်ကို ပခုံးထမ်းလေယာဉ်ပစ်လက်နက်အသုံးပြုပြီး ပစ်ချခဲ့တဲ့ ဗီဒီယိုပါ။ဒီရက်ပိုင်းပစ်ချခံရတဲ့ဖြစ်ရပ်မဟုတ်ပဲ 2024 ဇန်နဝါရီလတုန်းက ဝိုင်းမော်မှာ မီးလောင်ပြီးပျက်ကျခဲ့တဲ့ Mi-17 ဖြစ်ပါတယ်။ အဲ့အချိန်ကတည်းက မီးလောင်ပြီးပျက်ကျတာ၊ ပြုတ်ကျလာချိန် အမြှီးကျိူးတာတွေကြောင့် လေယာဉ်ပစ်ဒုံးကျည်ထိမှန်တာ ဖြစ်နိုင်တယ်လို့ ပြောခဲ့ဖူးပါတယ်” ဟု ရေးသားထားသည်။
ထိုစဉ်က KIA အနေဖြင့် ရဟတ်ယာဉ် ပစ်ချနိုင်မှုကို အတည်ပြုခဲ့သော်လည်း မည်သည့် လက်နက်အမျိုးအစား အသုံးပြု ပစ်ချခဲ့သည်ကို ထုတ်ဖော်ပြောဆိုမှုမရှိပေ။
“မပြောပေမယ့် တရုတ်နဲ့နီးစပ်တဲ့ဒေသမှာဆိုတော့ဖြစ်နိုင်ချေအရှိဆုံးကတော့ တရုတ်ရဲ့ပခုံးထမ်းလေယာဉ်ပစ်ဖြစ်တဲ့ FN-6 လို့ ယူဆထားကြပါတယ်။အခု ထပ်မံထွက်ပေါ်လာတဲ့ ဗီဒီယိုမှာတော့ KIA တပ်ဖွဲ့ဝင်အသုံးပြုခဲ့တာ တရုတ်ရဲ့ FN-6 ဆိုတာ သေချာသွားစေခဲ့ပါတယ်။ သေချာနားထောင်ရင် ဗီဒီယိုစတာနဲ့ FN-6 ရဲ့အပူလိုက်ဒုံး seeker က ပစ်မှတ်ကိုတွေ့ပြီးtrackလုပ်နေတာကို အချက်ပေးတဲ့ “တီ….တီ” အသံတောင် ကြားရပါတယ်။ Mi-17 ပေါ်က စခပိုင်းလော့တွေကြားရမှာမဟုတ်ပေမယ့် သူတို့အတွက် ငရဲသွားဖို့ အချက်ပေးသံပေါ့လေ။” ဟု Tactical Raptor က ရေးသားထားသည်။
ယခု ပစ်ခတ်မှု အရ မြန်မာပြည်တွင်း သမိုင်း၌ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များက – MANPADS အသုံးပြုမှုကို သေချာမြင်ရသည့်အပြင် စတင်ပစ်ခတ်ချိန်မှ ပစ်မှတ် ရဟတ်ယာဉ် ထိမှန်ချိန်အထိ အစအဆုံးမြင်ရသည့် ပထမဦးဆုံး ဗီဒီယိုဖြစ်လိမ့်မည်ဟုလည်းTactical Raptorကသုံးသပ်သည်။
“KIA အနေနဲ့ FN-6 လို MANPADS မျိုးပိုင်ဆိုင်ထားတာကို သိသိသာသာ ထုတ်ဖော်ပြသလာတာလဲ နည်းနည်းတော့ ထူးခြားတယ်ပြောရမယ်။ အရင်ကတော့ သိသာသိစေ မမြင်စေနဲ့ ပုံစံမျိုးပေါ့။ ဒါမှမဟုတ် ခွင့်ပြုချက်မရပဲ အကြောင်းအမျိုးမျိုးကြောင့် leak ဖြစ်သွားတာမျိုးလည်းဖြစ်နိုင်တယ်။
တပ်ဖွဲ့ဝင်တိုင်းရဲ့ ဖုန်းတွေကိုလိုက်ထိန်းသိမ်းရတာလဲ သိပ်တော့မလွယ်လှဘူး။ အခုဗီဒီယိုမှာတောင် တခြားသူတွေကလည်း ဖုန်းနဲ့ ဗီဒီယို ရိုက်နေကြတာတွေ့ရတယ်” ဟုလည်းရေးသားထားသည်။
FN-6 ကဲ့သို့ ပခုံးထမ်းလေယာဉ်ပစ်များအနေဖြင့် ဟတ်ယာဉ်များကို ပစ်ခတ်ရာတွင် ထိရောက်မှု ကောင်းပြီး အရှိန်မြန် အမြင့်ပျံသည့် တိုက်လေယာဉ်များကို ပစ်ခတ်ရာ၌ ထိရောက်မှု များစွာမကောင်းတက်ဟုလည်း သုံးသပ်ထားသည်။
KIA က ၂၀၂၁ မေလကလည်း မိုးမောက်ဒေသ၌ စစ်ကောင်စီ ရဟတ်ယာဉ် တစ်စီးကို ပစ်ချနိုင်ခဲ့ပြီး အဆိုပါ ရဟတ်ယာဉ်အပျက်ကိုလည်း မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်ရာတွင် အပျက်အတိုင်း ပြန်လည်တွေ့ရှိခဲ့သည်ကို ယခုနှစ် တိုက်ပွဲသတင်း ရုပ်သံအချို့၌ တွေ့ရသည်။
ထို့အပြင် ယခုနှစ် ဇန်နဝါရီ ၁၆ ရက် ရှမ်းမြောက် နမ့်ဖက်ကာရှိစစ်တပ်ဗျူဟာကုန်းသိမ်း တိုက်ပွဲတွင်လည်း စစ်ကောင်စီ၏ FTC 2000 G တိုက် လေယာဉ်တစ်စီးကို KIAက ပစ်ချနိုင်ခဲ့သည်။
နွေဦးတော်လှန်ရေးတွင် တော်လှန်ရေးတပ်များက စစ်တပ်ရဟတ်ယာဥ်နှင့် လေယာဥ်ကိုပစ်ခတ်ဖျက်ဆီးခဲ့သော အစီးရေ အနည်းဆုံး ၈ စင်းရှိသည်။ People’s Spring ၏ မှတ်တမ်းများအရ ထို၈ စီးတွင် KIA တစ်ဖွဲ့တည်းက ၃ စီးပစ်ချထားခြင်းဖြစ်သည်။
KIA ကဲ့သို့ပင် ကလလတ-KA-KNDF နှင့်ကရင်နီတပ်ပေါင်းစု ၊ ကော်ဘရာတပ်ဖွဲ့ နှင့် PDF တို့ကလည်း စစ်ကောင်စီ လေယာဉ်၊ ရဟတ်ယာဉ်များကို ပစ်ချနိုင်ခဲ့သည်။ ရက္ခိုင့်တပ်တော်(AA)ကလည်း စစ်ကောင်စီ ရဟတ်ယာဉ်ကို ပစ်ချပြီး AA ရဲဘော်များ အောင်ပွဲခံနေသည့် ဓာတ်ပုံ ထုတ်ပြန်ခဲ့ဖူးသော်လည်း မည်သည့်တိုက်ပွဲတွင် မည်သည့်ဒေသတွင် ဆိုသည်ကိုမူ အသေးစိပ်မထုတ်ပြန်ခဲ့ပေ။
ထိုအပြင် စစ်တပ်အာဏာသိမ်းပြီးနောက်စစ်ကောင်စီတပ် လေယာဥ်နှင့်ရဟတ်ယာဥ်ပျက်ကျမှု ၆ စီးရှိခဲ့ကြောင်း People’s Spring ၏ အချက်အလက်များအရသိရသည်။
