စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်း ရန်ကြီးအောင်ကျေးရွာရှိ စစ်ကောင်စီစခန်းအား တိုက်ခိုက်သိမ်းပိုက်စဉ် ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားအချို့ ထပ်မံဖမ်းဆီးရမိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်များက ပြောသည်။
အင်အား ၅၀ကျော်ရှိသည့် ရန်ကြီးအောင်ကျေးရွာ စစ်ကောင်စီစခန်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်ကောင်စီတပ်သား ၂၀ကျော်မှာ ထွက်ပြေးသွား၍ ကာကွယ်ရေးတပ်များက လိုက်လံဖမ်းဆီးနေခြင်းဖြစ်သည်။

“ထွက်ပြေးတဲ့နေ့က ၄ယောက်မှာ ၂ယောက်အရှင်၊ ၂ယောက်အသေ။ နိုဝင်ဘာ၂၄ရက်မှာ ၅ယောက် မိတယ်။ တိုက်ပွဲနေ့က ၂ယောက်အရှင် မိတယ်။ ရဲတစ်ယောက် သေနတ်နဲ့အလင်းဝင် စုစုပေါင်း ၁၁ယောက်ရှိပြီ”ဟု CDF-KKGမှတာဝန်ရှိသူတစ်ဦးကပြောသည်။
နိုဝင်ဘာ ၂၅ ရက် ယနေ့တွင်လည်း ကာကွယ်ရေးတပ်များက စစ်ကောင်စီတပ်သား ၄ ဦးကိုထပ်မံဖမ်းဆီးရမိသေးသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဆိုသော်လည်း People’s Springက အတည်မပြုနိုင်သေးပေ။

ဖမ်းဆီးရမိသူများတွင် တပ်ကြပ်နှစ်ဦးပါဝင်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။ထို့အပြင် စခန်းတာဝန်ခံ ဗိုလ်မှူးသန်းနိုင်ကိုလည်း ဖမ်းဆီးရမိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ၊ ကလေးခရိုင်တပ်ရင်းများက အတည်ပြုထားသည်။

Public Service Announcement
ဗိုလ်မှူးသန်းနိုင်ကို ကာကွယ်ရေးတပ်များက နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေစဉ်မြိုသာကျေးရွာအနီးလယ်တောတွင် ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်များကပြောသည်။
