ကလေးမြို့တောင်ပိုင်း၊ ရန်ကြီးအောင်ရွာရှိ စစ်ကောင်စီတပ်၏စခန်းကို ယနေ့မနက်ပိုင်းတွင်တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံများကပြောသည်။
အင်အား ၃၀ ခန့်ရှိသည် အဆိုပါစစ်ကောင်စီတပ်စခန်းကို ကာကွယ်ရေးတပ်များဘက်မှ အထိအခိုက်မရှိ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ပူးပေါင်းတပ်ဖွဲ့မှ သတင်းအရင်းမြစ်တစ်ဦးကပြောသည်။
စခန်းသိမ်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ဦး၏ ရုပ်အလောင်း ၊ နှစ်ဦးကို အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ အများအပြားရရှိခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“လေယာဉ်မလာခင်မှာဘဲ အကုန်လုံးသိမ်းလိုက်တယ်။ အလောင်း ၅ လောင်းရတယ်။ နှစ်ယောက်အရှင်ဖမ်းမိတယ်။ ကျန်တဲ့သူတွေအကုန်ထွက်ပြေးတယ်။ ထွက်ပြေးတဲ့သူတွေကလည်း ကိုယ်နယ်ထဲမှာဆိုတော့လိုက်ပစ်နေကြတယ်။
သေနတ်တွေကောရတယ်”ဟု ကာကွယ်ရေးတပ်ဖွဲ့တစ်ဦးကပြောသည်။

Public Service Announcement
စခန်းသိမ်းတိုက်ပွဲကို NUG ၊အမှတ် (၁)စစ်ဒေသလက်အောက်ရှိ ကလေးခရိုင်တပ်ရင်းများ၊ CDF-KKG ၊ ပကဖနှင့် တော်လှန်ရေးအဖွဲ့များပါဝင်သည်ဟု သိရသည်။

ရန်ကြီးအောင်ရွာရှိ စစ်ကောင်တပ်စခန်းသည် အရေးပါပြီးယခုစခန်းသိမ်းပိုက်လိုက်ခြင်းကြောင့် ကလေးမြို့တောင်ပိုင်းသည် စစ်ကောင်စီထိန်းချုပ်မှုအောက်မှလွတ်မြောက်သွားပြီဟုလည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။
ထိုအပြင် ကလေးနှင့် ဂန့်ဂေါ်ကြားတွင် စစ်ကောင်စီတပ် စခန်းသုံးခုရှိသည့်အထဲတွင် ရန်ကြီးအောင်ရွာစခန်းလည်းပါဝင်ပြီး ယခုအခါ တောင်ခရမ်းရွာရှိ စစ်တပ်စခန်းနှင့်ကုမ္ပဏီစစ်တပ်စခန်း ၂ ခုသာကျန်ရှိတော့ကြောင်းဒေသခံတစ်ဦးကပြောသည်။
