ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် စစ်ကောင်စီတပ်က ယနေ့နံနက်တွင် လေကြောင်းတိုက်ခိုက်၍ အရပ်သားသေဆုံးထိခိုက်မှုရှိခဲ့သည်။
နမ့်ခမ်းမြို့နယ် မန်အောင်ကျေးရွာတွင် ယနေ့(နိုဝင်ဘာ ၂၆ရက်) နံနက် ၂နာရီကျော် အချိန်တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ၂ကြိမ် လာရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် မန်အောင်ကျေးရွာအတွင်းရှိ တိုက်နယ်ဆေးရုံထိမှန် ပျက်စီးခဲ့ပြီး မန်အောင်ကျေးရွာဒေသခံ ကလေးငယ် တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ထိမှန်ဒဏ်ရာရခဲ့သည်ဟု ဖော်ပြသည်။
ရှမ်းမြောက် အခြေစိုက် ရွှေဖီမြေသတင်းဌာန၏ ဖော်ပြချက်တွင် ယနေ့ နံနက် ၅နာရီခန့်တွင် စစ်ကောင်စီတပ်က နမ့်ခမ်းမြို့နယ် မန်နားရပ်ကွက်ကို လေကြောင်းတိုက်ခိုက်မှု ထပ်မံ လုပ်ဆောင်ခဲ့၍ (၁၇)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ပွဲချင်းပြီး သေဆုံးကာ နှစ်ဦး ဒဏ်ရာရခဲ့သည်ဟု နမ့်ခမ်းမြို့ခံ၏ ပြောကြားချက်ကို ကိုးကား ဖော်ပြထားသည်။

တိုက်ပွဲများ၌ အထိနာရှုံးနိမ့်နေသည့် စစ်ကောင်စီတပ်သည် အရပ်သားပြည်သူများကို ပစ်မှတ်ထားသည့် လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ စစ်ဆင်ရေး ၁လနီးပါးအတွင်း အရပ်သား ၆၀ကျော်သေဆုံးကာ ၁၀၀ကျော်ဒဏ်ရာရခဲ့သည်ဟု TNLAက အသိပေးထုတ်ပြန်ထားသည်။

Public Service Announcement
