ချင်းပြည်နယ်၊ လိုင်လင်းပီမြို့ကို ချင်းတော်လှန်ရေးပူးပေါင်းတပ်များက ယနေ့မနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များကသည်။
လိုင်လင်းပီမြို့ရှိ စစ်ကောင်စီစခန်းကို နိုဝင်ဘာ ၁၉ ရက်မှစ၍ ချင်းတော်လှန်ရေးတပ်များကတိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၂၄ ရက်မနက် ၃ နာရီခန့်တွင် တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ချင်းတော်လှန်ရေးတပ်ဖွဲ့များထံမှသိရသည်။
“စခန်းသေးသေး၊မြို့သေးသေးလေးကို စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ၅ကြိမ်လောက် ဗုံးလာကျဲခဲ့ပေမယ့် ကျွန်တော်တို့သိမ်းနိုင်လိုက်ပါပြီ”ဟု ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြြောသည်။

လိုင်လင်းမီမြို့တွင် စစ်ကောင်စီစခန်းတစ်ခုရှိပြီး အင်အား ၃၀ ခန့်ရှိသည်ဟုလည်း ချင်းကာကွယ်ရေးတပ်များကဆိုသည်။ တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားများထွက်ပြေးသွားပြီး လက်နက်ခဲယမ်းများအမြောက်အမြားသိမ်းဆည်းရမိသည်ဟုလည်း ချင်းကာကွယ်ရေးတပ်များထံမှသိရသည်။
“၁၉ရက်နေ့ကတည်းက တိုက်နေတာ။ ဒီနေ့ အပြီးသိမ်းနိုင်တာပါ။ စစ်ကောင်စီတပ်တွေ ထွက်ပြေးသွားတာပါ။ လက်နက်တွေ ရလိုက်တယ်လို့ သိရပါတယ်” ဟု ချင်းကာကွယ်ရေးရဲဘော်တဦးကပြောသည်။

Public Service Announcement
လိုင်လင်းပီအခြေစိုက်စစ်စခန်းသည် ခြေလျင်တပ်ရင်း-ခလရ(၃၀၄)လက်အောက်ခံဖြစ်သည်။

ချင်းအမျိုးသားတပ်မတော် ( CNA)နှင့်အတူ CDF-Mara၊ CDF-Matupi၊ CDF-Lautu၊ CDF-Zophei တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စခန်းသိမ်းတိုက်ပွဲဖြစ်စဉ်ကိုမေးမြန်းရန် CNA ထံ ဖုန်းခေါ်ဆိုရာ မရသေးပေ။သို့သော် လိုင်လင်ပီစခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း CNA အရာရှိက ချင်းသတင်းဌာနများသို့ အတည်ပြုဖြေကြားထားသည်။
စစ်ကောင်စီက လေးရက်အတွင်းလေကြောင်းတိုက်ခိုက်မှုကြောင့် ခရစ်ယာန်ဘုရားကျောင်းအပါအဝင်နေအိမ် ၁၀လုံးကျော်ပျက်စီးခဲ့သည်ဟု ဒေသခံများကဆိုသည်။ စစ်ကောင်စီက လိုင်လင်းပီမြို့ကို ဖုန်းဆက်သွယ်ရေးလိုင်းများဖြတ်တောက်ထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ပြည်သူ ၄ ဦးထက်မနည်းသေဆုံးခဲ့ကြောင်းလည်း ဒေသတွင်းသတင်းဌာနများကဖော်ပြသည်။
လိုင်လင်းပီမြို့သည် အရပ်သားအစိုးရလက်ထက်တွင် လေယာဉ်ကွင်းငယ်တစ်ခုတည်ဆောက်ထားသောမြို့ဖြစ်သည်။
ချင်းပြည်နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များက နိုဝင်ဘာ ၁၃ ရက်တွင် ရိဒ်ခေါ်ဒါရ် မြို့ကိုသိမ်းပိုက်ခဲ့သည်။ထိုကြောင့် လိုင်လင်းပီ မြို့သည် တော်လှန်ရေးအဖွဲ့များက သိမ်းပိုက်သော ဒုတိယမြောက်မြို့ဖြစ်သည်။
