ယင်းမာပင်မြို့နယ်အတွင်း မုံရွာ-ယာကြီး-ကလေးဝလမ်းပေါ်တွင် အုပ်စုလိုက်အပြင်ထွက်လာသည့် စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ကို ဒေသအခြေစိုက် ချိုမိုင်မိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ ရဲသုံးဦးသေဆုံးပြီး သေနတ်သုံးလက် သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။
“မုံရွာ-ယာကြီး-ကလေးဝလမ်းပေါ်မှာ ရှိတဲ့ သီတဂူကျောင်းမှာ တပ်စွဲထားတဲ့ ရဲတွေ ခုနစ်ယောက် အပြင်ထွက်လာတာ။ အဲ့ဒါကို ပစ်တာ။ သုံးယောက်သေတယ်။ ဂန်းသုံးလက်ရတယ်”ဟု ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး ULF တပ်ပေါင်းစုမှပြန်ကြားရေးတာဝန်ခံက ပြောသည်။
လမ်းပေါ်သို့ တက်လာသည့် ရဲတပ်ဖွဲ့ကိုယနေ့(အောက်တိုဘာလ ၃ရက်) နံနက် ၆ နာရီခန့်တွင် တိုက်ခိုက်ခြင်းဖြစ်သည်။ ရဲခုနှစ်ဦးတွင် လေးဦးကဆိုင်ကယ်ဖြင့် ဖြစ်ပြီး သုံးဦးက ခြေလျင်လျှောက်လာခြင်းဟု သိရသည်။
ချိုမိုင်မိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ULF တပ်ပေါင်းစု အဖွဲ့ဝင်ဖြစ်သည်။ ULF တပ်ပေါင်းစု သည် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းထားသော တပ်ပေါင်းစုဖြစ်သည်။
အထက်ပါ တိုက်ခိုက်မှုကို ချိုမိုင်မိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲဘော်များက ခုနစ်မိနစ်အတွင်း အပြီးသတ်တိုက်ခိုက်ခြင်းဟု သိရသည်။ ရဲတပ်ဖွဲ့ထံမှ G3 သေနတ်နှစ်လက်၊ Euzi အမျိုးအစားတစ်လက် သိမ်းဆည်းရရှိခဲ့သည်ဟု ULF က သတင်းထုတ်ပြန်ထားသည်။

Public Service Announcement
