ကောလင်းမြို့ဘူတာ အနီးတွင်ယနေ့(အောက်တိုဘာလ ၃ရက်) နေ့လယ်က စစ်ကောင်စီတပ်ဖွဲ့အုပ်စုကိုတော်လှန်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး သေဆုံးပြီး သေနတ်တစ်လက်သိမ်းဆည်းနိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
ကောလင်းမြို့၊မီးရထားရပ်ကွက်အတွင်း စစ်ကောင်စီအုပ်စုရောက်ရှိနေစဉ် ဝန်းသိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က နေ့လယ်၂နာရီ ၂၀မိနစ်၌ အနီးကပ်ပစ်ခတ် တိုက်ခိုက်ခြင်းဖြစ်ကြောင်းသိရသည်။
“သေတာမှာ စစ်ခရော၊ ရဲခရောပါတယ်။ ကလေးတွေဘက်က အထိအခိုက်မရှိဘူး”ဟု ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တစ်ဦးကပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့ဝင်များသည် ကစဉ့်ကလျားထွက်ပြေးသွားစဉ် ပြည်သူ့ကာကွယ်ရေးရဲဘော်များက သေနတ်တစ်လက် သိမ်းယူနိုင်ခဲ့ကြောင်းလည်း တော်လှန်ရေးအဖွဲ့များထံမှသိရသည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ရက်က ကောလင်းမြို့တနေရာ၌ တိုက်ခိုက်ခံခဲ့ရသည်။ ဝန်းသိုမြို့မှ ထွက်လာသော စစ်ကောင်စီစစ်ကြောင်းကို ကောလင်းမြို့၊ ကားကွင်းကြီးအနီးမှ စောင့်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးခဲ့ကြောင်း တော်လှန်ရေးအင်အားစုများကပြောသည်။

Public Service Announcement
ထို့နောက် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဝန်းသိုမြို့နယ်၊ဂျိုးထောင်ရွာ၊ ဘူတာစုရပ်ရှိ ခန္တီဝံသာရာမကျောင်းတိုက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးသုံးလုံး ပစ်ခတ်ခဲ့ရာ ကျောင်းအတွင်း စာသင်နေသည့် ကလေးငယ် ၂၀ ဦးဒဏ်ရာရရှိခဲ့သည်။
