ထီးချိုင့်မြို့နယ်အတွင်း နှစ်ရက်ဆက်တိုက်ပွဲတွင် အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် ကျောက်မှော်ရွာမှ ဒေသခံ လေးဦးအပါအဝင် အရပ်သား ၅၀ ဦးခန့်ကို လူသားတံတိုင်းအဖြစ် ဖမ်းဆီးကာ စစ်သင်္ဘောဖြင့်ခေါ်ဆောင်သွားကြောင်း တော်လှန်ရေးအင်အားစုများကပြောသည်။
ထီးချိုင့်မြို့နယ်ကွင်းကြီးရွာအနီးတွင်ဩဂုတ်လ၂၀ရက်ရက်နှင့် ဩဂုတ်လ၂၁ရက်တွင် နှစ်ရက်ဆက်တိုက်ပွဲဖြစ်ခဲ့သည်။KIA၊PDF ပူးပေါင်းတပ်ဖွဲ့က ပိတ်ဆို့တိုက်ခိုက်ခြင်းဖြစ်သည်။တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဦးသေဆုံးပြီး ၁၅ဦးခန့် ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့သည်ဟုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
“ကွင်းကြီးကနေကျောက်မှော်ကို ခြေလျင်ထွက်လာတာ။ ကျောက်မှော်က ရွာသား ခြောက်ဦးကို ဖမ်းခေါ်သွားတယ်။ ရွာစဉ်တလျှောက်ဖမ်းလာတာ ၅၀ နီးပါးရှိတယ်။သင်္ဘောနဲ့ ထီးချိုင့်ဆိပ်ဖက် စုန်သွားတယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
စစ်တပ်က သြဂုတ် ၂၁ ရက်တွင်ဖမ်းဆီးသွားသောကျောက်မှော်ဒေသခံများမှာ ကိုဦး၊ ကိုဟန်တင့်၊ကိုဆန်းမင်းနှင့်ကိုကြက်ဆူတို့ ဖြစ်သည်။
လက်ရှိစစ်ကြောင်းသည် ဩဂုတ်လ ၁၀ ရက်ခန့်မှစ၍ ထီးချိုင့်မြို့နယ်အတွင်း အင်အား ၆၀ ခန့်ဖြင့် စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်သည်။ ယခုအခါ ၃၀ ဦးခန့်သာ ကျန်တော့ပြီး ၁၅သည် ဒဏ်ရာပြင်းထန်စွာရရှိထားသည်ဟု သိရသည်။ ဖမ်းဆီးခံထားရသော အရပ်သားများနှင့်ပတ်သက်၍ မြို့ခံများက စိုးရိမ်နေကြသည်။
