ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ တိုက်ပွဲအတွင်း အစုလိုက်၊အပြုံလိုက် သေဆုံးနေသည့် စစ်ကောင်စီတပ်သားအလောင်းများကို နယ်မြေရှင်းလင်းစဥ် တွေ့ရှိကြောင်း ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်များက လူထုနွေဦးသို့ ပြောသည်။
မကြာသေးမီရက်ပိုင်းက ဆောင်ရွက်ခဲ့သော နယ်မြေရှင်းလင်းမှုအရ စစ်ကောင်စီတပ်သားအလောင်း ၁၀ဦးထက်မနည်းတွေ့ရှိခဲ့ရသည်ဟု ဆိုသည်။
“နယ်မြေရှင်းရင်း တွေ့တာပေါ့နော်။စစ်ရေးအရ လုပ်တာဖြစ်တဲ့အတွက် နေရာအသေးစိတ်ကိုတော့ ပြောပြလို့မရဘူးပေါ့နော်။တစ်ခုရှိတာကတော့ မကြာသေးမီက တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ဒေသလို့ ပြောလို့ရတယ်”ဟု ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။
ထို့အတူ နယ်မြေရှင်းလင်းမှုအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့် ကိုင်ဆောင်သော ပစ္စတိုသေနတ် တွေ့ရှိခဲ့ကြောင်းလည်း ကရင်နီတပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြုသည်။

“သူ့အလောင်းတော့ မတွေ့ပေမယ့် စကစ ဘက် က ဘော်ဒီတော့ ရအောင်ပြန်ဆွဲသွားတယ်လို့ယူဆတယ်။ ကျန်တဲ့တပ်သားအလောင်းတွေကတော့ ဒီအတိုင်းပုံနေတာပေါ့”ဟု ၎င်းက ပြောသည်။
ထို့အပြင် ယမန်နှစ်ကစ၍ ကရင်နီတိုက်ပွဲများတွင် စစ်ကောင်စီတပ်သား အလောင်းများကို ဖယ်ခုံ၊လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်တို့တွင် ကရင်နီတပ်ပေါင်းစုက နယ်မြေရှင်းလင်းစဥ် တွေ့ရှိခဲ့ရမှုများရှိခဲ့သည်။
လက်ရှိ ကရင်နီဒေသတွင်း ဒီးမော့ဆို-ဖရူဆို လမ်းပိုင်း၊ ဖားဆောင်း-မယ်စဲ့ လမ်းပိုင်းတို့တွင် တိုက်ပွဲများဖြစ်ပွားနေဆဲ ဖြစ်သည်။
နယ်မြေရှင်းလင်းစဉ်တွေ့ရှိခဲ့သော စစ်ကောင်စီတပ်သားများ၏ ရုပ်အလောင်းများ၏ရုပ်သံဖိုင်ကို လူထုနွေဦး၏ တယ်လီဂရမ်ချန်နယ်တွင် ကြည့်ရှု့နိုင်ပါသည်။
