စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော်လမ်းပေါ်တွင် ကင်းပုန်းဝပ်ပြီးပြန်လာသည့် စစ်ကောင်စီတပ်သားများလိုက်ပါလာသော ၁၂ ဘီးကား ၃ စီးအား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်မှုရှိကြောင်း Danger Force LPDFအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယမန်နေ့ (သြဂုတ် ၂၀) ညနေ ၄ နာရီ မိနစ် ၄၀ ခန့်က မုံရွာ – အရာတော်လမ်းမပေါ်၌ စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် ၁၂ ဘီးကား ၃ စီးအား ပင်လုံဆီဆိုင်အနီးတွင် ဒေသတွင်း PDF၃ဖွဲ့က ပဒေသာမိုင်း(၉)လုံးဖောက်ခွဲပြီး စတင်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ထို့နောက် ကိုက် ၅၀ အကွာမှ လက်နက်ငယ် များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကား (၃) စီး ထိခိုက်ပျက်စီးမှုရှိကြောင်း၊ ထို့အပြင် ကားပေါ်ရှိ စစ်သား ၆ ဦးသေဆုံးကာ ၉ ဦး ဒဏ်ရာရသည်ဟု တပ်တွင်းသတင်းပေးထံမှ သိရကြောင်း Danger Force LPDFအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။သို့သော် စစ်ကောင်စီတပ်သေဆုံးထိခိုက်မှုအခြေအနေကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

“အရာတော် စခတ ၁၀ ကနေ ကင်းပုန်းဝပ်ဖို့ ထွက်လာတဲ့စခတွေပါ။ ကင်းပုန်းဝပ်ပြီး စခတ ၁၀ သို့ ပြန်တဲ့ ကားပါ။ အင်အား ၃၀ ပါတယ်။ ရိက္ခာလည်း ပါပါတယ်။”ဟု ၎င်းက ဆက်ပြောသည်။
ယာဥ်တန်းပါ စစ်အုပ်စုက ပြန်လည်ပစ်ခတ်သော်လည်း ရဲဘော်များအထိအခိုက်မရှိဟု သိရသည်။
ထိုစစ်ဆင်ရေးကို Danger Force LPDF၊Ayadaw Rocket တပ်ဖွဲ့၊ လင်းယုန်တပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
ထိုစစ်အုပ်စုသည် သြဂုတ် ၂၀ ရက်နေ့နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က အရာတော်မြို့ စ.ခ.တ (၁၀) မှ ထွက်လာပြီး အရပ်သားကုန်ကားများကို ချောဆွဲခေါ်ဆောင်သွားခဲ့သူများဖြစ်ကြောင်း ဒေသခံများက ပြောသည်။
အရာတော်-မုံရွာလမ်းပိုင်းတလျှောက်တွင် စစ်ကောင်စီတပ်ဖွဲ့များ ရောက်ရှိခြေရှုပ်နေ၍ လမ်းအသုံးပြုမှုယာယီရပ်နားထားရန်ဒေသတွင်းတော်လှန်ရေးအင်အားစုများက မေတ္တာရပ်ခံထားသည်။
