၃ နှစ်အတွင်း အရပ်သား အစိုးရ တစ်ရပ်ဆီ အာဏာပြန်လည် လွှဲအပ်ပေးမယ်လို့ နိုက်ဂျား အာဏာသိမ်း စစ်ခေါင်းဆောင်က ကတိပြု ပြောကြားလိုက်ပါတယ်။
အနောက်အာဖရိက ဒေသတွင်း နိုင်ငံတွေက နိုက်ဂျားစစ်တပ် အနေနဲ့ အဓမ္မ အာဏာသိမ်းယူ ခံခဲ့ရတဲ့ သမ္မတ မိုဟာမက် ဘာဇွမ်ဆီက အာဏာပြန်မအပ်ရင် စစ်ရေးအရ တုံ့ပြန် စွက်ဖက်လာနိုင်ကြောင်း တင်းတင်းမာမာ သတိပေးလာချိန်မှာ နိုက်ဂျား သမ္မတ ကိုယ်ရံတော်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး အက်ဘ်ဒူရာဟာမာနီ တစ်ချီရာနီက အခုလို ကြေညာခဲ့တာပါ။
သူဟာ ပြီးခဲ့တဲ့ လတုန်းက ပြည်တွင်းမှာ စစ်သွေးကြွတွေ သောင်းကျန်းနေတာကို သမ္မတ ဘာဇွမ် ဦးဆောင်တဲ့ အရပ်သား အစိုးရက ထိထိရောက်ရောက် တုံ့ပြန် နှိမ်နင်းနိုင်စွမ်း မရှိဘူးလို့ စွပ်စွဲပြီး လုံခြုံရေး အကြောင်းပြချက်နဲ့ အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။
အနောက်အာဖရိက နိုင်ငံများ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Ecowas)က နိုက်ဂျားစစ်တပ်ဟာ ဒီမိုကရေစီ နည်းလမ်းနဲ့အညီ တင်မြှောက်ထားတဲ့ အရပ်သား အစိုးရဆီ အာဏာပြန်မအပ်ရင် တင်းမာတဲ့ တုံ့ပြန်မှုတွေ ရင်ဆိုင်ရစေမယ်လို့ ခြိမ်းခြောက်ထားပြီး တစ်ချီရာနီကတော့ အာဏာပြန်လွှဲပေးမယ့် အရိပ်အယောင် မတွေ့ရပါဘူး။ ဒါ့အပြင် ဘာဇွမ်ကို နိုင်ငံတော် သစ္စာဖောက်မှုနဲ့ စွဲချက်တင်မယ်လို့ အာဏာသိမ်း စစ်တပ်က ထုတ်ပြန်ခဲ့သလို ပြည်တွင်းရေးကို ဝင်မစွက်ဖို့လည်း ပြည်ပနိုင်ငံတွေကို တုံ့ပြန် သတိပေးထားပါတယ်။
နိုက်ဂျားကို စစ်တိုက်မယ်ဆိုတဲ့ ကိစ္စဟာ တချို့တွေ ပြောနေသလို ပန်းခြံထဲ လမ်းလျှောက်သလောက် လွယ်ကူ ချောမွေ့နေမှာ မဟုတ်ဘူးလို့ သူက Ecowasကို ရည်ရွယ်ပြီး ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က မြို့တော် နိုင်ယာမီမှာ Ecowasနဲ့ စေ့စပ် ညှိနှိုင်းရေး ကိုယ်စားလှယ်တွေကို လက်ခံ တွေ့ဆုံခဲ့တဲ့နောက် သူက နိုက်ဂျား စစ်တပ် အနေနဲ့ ၃ နှစ်အတွင်း အရပ်သား အစိုးရဆီ အာဏာပြန်အပ်မယ်လို့ ကြေညာခဲ့တာပါ။
သူက အာဏာသိမ်းမှုအပြီး အနောက်အာဖရိက ဒေသတွင်း ကုန်းပိတ် နိုင်ငံငယ်လေးကို လျှပ်စစ် ဓာတ်အား ဖြတ်တောက်မှုတွေ အပါအဝင် အိမ်နီးချင်း Ecowas အဖွဲ့ဝင် နိုင်ငံတွေက အရေးယူ ပိတ်ဆို့မှုတွေ ပြင်းပြင်းထန်ထန် လုပ်ဆောင်ခဲ့တဲ့အပေါ် လူမဆန်ဘဲ ရက်စက်လွန်းတယ်လို့လည်း စွပ်စွဲ တုံ့ပြန်ခဲ့ပါတယ်။
အရေးယူ ပိတ်ဆို့မှုတွေ ဆိုတာက ပြဿနာကို ဖြေရှင်းဖို့ ရည်ရွယ်ထားတာမျိုး မဟုတ်ဘဲ နိုက်ဂျား စစ်ဘက် ခေါင်းဆောင်တွေကို ဒူးထောက်အရှုံးပေးအောင်၊ အရှက်ကွဲအောင် ဖိအားပေးနေတာသာ ဖြစ်တယ်လို့ သူက ဝေဖန်ပါတယ်။
နိုက်ဂျား နိုင်ငံရေး အရှုပ်အထွေးမှာ Ecowasရဲ့ ပါဝင်ဖြေရှင်းဖို့ အားထုတ်မှုတွေကို အမေရိကန်နဲ့ ပြင်သစ်က ထဲထဲဝင်ဝင် အားပေး ပံ့ပိုးနေပါတယ်။ အဲဒီ အနောက်နိုင်ငံ နှစ်ခုစလုံးဟာ နိုက်ဂျားမှာ စစ်စခန်းတွေ ဖွင့်လှစ်ထားပါတယ်။ အာဏာသိမ်းတာ ခံခဲ့ရတဲ့ သမ္မတ ဘာဇွမ်ဟာ အနောက်နိုင်ငံတွေနဲ့ နီးစပ်တဲ့ ဆက်ဆံရေး ရှိနေပြီး ဆာဟဲလ် ဒေသတွင်းက အကြမ်းဖက် ဆဲလ်တွေကို ဖြိုခွင်းတဲ့ စစ်ဆင်ရေးတွေမှာ အမေရိကန်၊ ပြင်သစ်တို့နဲ့ ထဲထဲဝင်ဝင် ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။
