မုံရွာမြို့ တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်( မုံရွာနမခ) ဝန်းရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီးချင်းတွင်းမြစ်အတွင်း၌လည်း ဖြတ်သန်းလာသော စစ်ကောင်စီရေယာဥ်နှင့် စစ်အုပ်စုအထိအခိုက်ရှိကြောင်း သတင်းရရှိသည်။
ယနေ့ ဇူလိုင်လ ၅ ရက် နံနက် ၅ နာရီခန့်က မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။
နမခအတွင်းရှိ လစရ၆(လက်နက်စစ်ဆေးရေးအဖွဲ့)နှင့် အလုပ်ရုံ ၈ တို့ ထိမှန်ပြီး အထိအခိုက်များပြားကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဆိုသည်။
“ပစ်မှတ်(၂)ခုထိတာသိရပြီ။ တတိယအလုံးမသိရသေးဘူး။ အထိအခိုက်အကျအဆုံးများတာတော့သိရတယ်။”ဟု ဒေသတွင်းတော်လှန်ရေးရဲဘော်တစ်ဦးက ဆိုသည်။
အလားတူ ယနေ့ နံနက် ၁၀ နာရီဝန်းကျင်ကလည်း ချင်းတွင်းမြစ်အတွင်း စုန်ဆင်းလာသော စစ်ကောင်စီအင်အားအများအပြားလိုက်ပါလာသည့် အမြောက်ပါ ရေယာဥ်တစ်စီးသည် မုံရွာမြို့နယ်ရှိ မြစ်ကြောင်းတစ်နေရာတွင် ဒေသတွင်းတော်လှန်ရေးအင်အားစုများနှင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

ထိုပစ်ခတ်မှုတွင် ရေယာဥ်ပေါ်ပါ စစ်အုပ်စု အထိအခိုက်ရှိနိုင်ကြောင်း ဒေသတွင်း ကင်းထောက်ရဲဘော်တစ်ဦးက ပြောသည်။
“မုံရွာကကောင်တွေ အောက်ဘက်စုန်လာတာ။ ရှော်တယ်(ရေယာဥ်)ကို လက်နက်ကြီးမှန်တယ်။”ဟု ၎င်းက ပြောသည်။
စစ်ကောင်စီရေယာဥ် နစ်မြုပ်သွားသည်ဟု ပြောဆိုနေကြသော်လည်း People’s Spring ကသီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
မုံရွာမြို့ပေါ်တွင်လည်း စစ်ကောင်စီတပ်က ပိတ်ဆို့စစ်ဆေးနေပြီး MPT ဖုန်းလိုင်းများ ဆက်သွယ်၍မရဖြစ်နေသည်ဟု မြို့ခံအချို့က ဆိုသည်။
မုံရွာနယ်တောင်ပိုင်း ချောင်းဦးနယ်အစပ်တွင်လည်း စစ်ကောင်စီတပ်က နံနက် ၅ နာရီကတည်းက စစ်ကြောင်းထိုးပစ်ခတ်နေကြောင်း၊ ပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
ဇူလိုင်လ ၃ ရက်နေ့ ည ၈ နာရီ မိနစ် ၄၀ ခန့်ကလည်း မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တပ်တွင်းသို့ ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်မှုရှိကြောင်း Myanmar’s Royal Dragon Army-MRDA အဖွဲ့က ထုတ်ပြန်ထားသည်။
