ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ၌ ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကိုးကန့်သတင်းရင်းမြစ်က ပြောသည်။
ကိုးကန့်ဒေသ မုံးကိုးခရိုင်တစ်နေရာ၌ ဇွန်လ ၂၉ရက်က တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသေးစိတ်အခြေအနေ မသိရသေးဟု ဆိုသည်။
“ငါတို့ နည်းနည်း သတင်းကြားတယ် စစ်ကောင်စီဘက်မှာ ငါးဦးကျတယ်လို့။ ဒါပေမဲ့ တိတိကျကျ သေချာတဲ့ သတင်း ဒီမှာမသိရသေးဘူး။ ဖြစ်တာက မုံးကိုးခရိုင်ပဲမနေ့က”ဟု ကိုးကန့်သတင်းရင်းမြစ်က ပြောသည်။
ကချင်သတင်းဌာန Kachinwaves ၏ တိုက်ပွဲသတင်းဖော်ပြချက်တွင် ဇွန်လ ၂၉ရက်က မူဆယ်မြို့နယ် မုံးပေါ်ဒေသသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် MNDAA တို့ ယမန်နေ့ မွန်းလွဲပိုင်းက တိုက်ပွဲဖြစ်ပွားရာ MNDAAဘက်မှ သုံးဦးဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှုမသိရသေးဟုဆိုသည်။
တိုက်ပွဲတွင် မိုဖန်ကျေးရွာအခြေစိုက် စစ်ကောင်စီတပ်က MNDAA တပ်စခန်းရှိရာသို့ လက်နက်ကြီးများ ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။
ယခုဇွန်လ ပထမပတ်အတွင်းကလည်း ကိုးကန့် မုံးကိုးနှင့် လောက်ကိုင်ဒေသများ၌ စစ်ကောင်စီတပ်များ ထိုးစစ်ဆင်လာ၍ MNDAAနှင့်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
