ကိုးကန့်ဒေသ၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ၂၀ကျော်သေဆုံးခဲ့ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က ယနေ့ သတင်းထုတ်ပြန်သည်။
ဇွန်လ ၂ရက်ကစပြီး မုံးကိုးနှင့် ကိုးကန့်ဒေသရှိ MNDAA တပ်စခန်းများကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်လာ၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၄ရက်နှင့် ၅ရက် တိုက်ပွဲများ၌ စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့ကြောင်း အသိပေးထုတ်ပြန်ခဲ့သည်။
ကိုးကန့် စစ်မြေပြင်တွင် မြန်မာ အမျိုးသားဒီမိုကရက် မဟာမိတ်တပ်မတော်(MNDAA) ကလက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီ စစ်တပ်ဘက်က ၂၀ကျော်သေဆုံးဒဏ်ရာရရှိခဲ့သည်ဟု MNDAAက မြန်မာဘာသာဖြင့် သတင်းထုတ်ပြန်ခဲ့ပြီး တိုက်ပွဲဖြစ်စဉ်အသေးစိတ်ကို တရုတ်ဘာသာဖြင့် ဖော်ပြသည်။

ယင်းသို့ ဖော်ပြချက်နှင့်ပတ်သက်ပြီး ကိုးကန့်သတင်းရင်းမြစ်တစ်ဦးက ဘာသာပြန်ပြောကြားပေးရာ လောက်ကိုင်ရှိ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် ပူးပေါင်းအဖွဲ့က MNDAA တပ်စခန်း ရှိရာသို့ ထိုးစစ်ဆင်လာ၍ ဇွန်လ ၄ရက်နှင့် ၅ရက်၌ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပြောပြသည်။

“ ၆လပိုင်း ၁ရက်နေ့က လောက်ကိုင်မှာ ရှိတဲ့စစ်ကောင်စီတပ်နဲ့ လောက်ကိုင်က ပြည်သူ့စစ်ရောနှောတပ်ဖွဲ့က ကိုးကန့်ဒေသကို စစ်သွားတာ။ အင်အား ၇၀ကျော်။ သွားပြီး ၆လပိုင်း ၄ရက်နဲ့ ၅ရက်မှာ MNDAA ရဲ့စခန်းကို သွားတိုက်တာ နှစ်ဖက်စလုံးက တိုက်ပွဲပြန်ဖြစ်တာ” ဟု ကိုးကန့် သတင်းရင်းမြစ်က ပြောသည်။
ဇွန်လ ၄ရက် နံနက် တိုက်ပွဲ၌ စစ်ကောင်စီတပ်ဘက်က ၄ဦးထိခိုက်သေဆုံးခဲ့ကြောင်း၊ ယင်းနေ့ နေ့လည်ပိုင်း၌ ထပ်မံ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ နေ့လည်ပိုင်းတိုက်ပွဲ၌ စစ်ကောင်စီတပ်ဘက်က ၈ဦးသေဆုံးထိခိုက်ခဲ့သည်ဟု ရှင်းပြသည်။

“ ၆လပိုင်း ၅ရက်နေ့ မနေ့က ဖြစ်တာက သုံးနေရာဖြစ်တယ်။ အဲဒါဖြစ်ပြီးမှ MNDAA က စစ်တပ်ရဲ့ ကားတစ်စီးကို ပစ်လိုက်တာ ပျက်စီးသွားတာ။ လူက ၆ယောက် သေဆုံးထိခိုက်တယ်။ သုံးနေရာမှာတော့ ပထမနေရာ ၆ယောက်ရတယ်။ နောက်နှစ်နေရာတော့ ၁၀ယောက်ဒဏ်ရာရတယ်။ သူတို့(စစ်ကောင်စီ)ရဲ့ လက်နက်ခဲယမ်းရော ပြန်သိမ်းမိတာ။” ဟု ကိုးကန့် သတင်းရင်းမြစ်က ဘာသာပြန်ပြောပြသည်။
MNDAA သတင်းရင်းမြစ်ကလည်း ကိုးကန့်နှင့် မုံးကိုး ဒေသရှိ ၎င်းတို့ တပ်စခန်းများကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ ဇွန်လဆန်းမှစ၍ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ပြောကြားသည်။ ထိုသို့ ထိုးစစ်ဆင်လာ၍ ဇွန်လ ၂ရက်မှ၍ နေ့စဉ် တိုက်ပွဲဖြစ်ခဲ့သည်။ ဇွန်လ ၁ရက်တွင် မိုင်းလားသေ၌ MNDAA ပါဝင်သည့် မြောက်ပိုင်းညီနောင်သုံးဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ဆွေးနွေးပွဲအပြီးတွင် စစ်ကောင်စီက ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

MNDAAကလည်း ဇွန်လ ၅ရက်တွင် လားရှိုးသည့် စစ်ကောင်စီတပ်များကို ပြန်လည်တိုက်ခိုက်ခဲ့၍ လားရှိုးမြို့ပေါ်၌ တိုက်ပွဲဖြစ်ခဲ့သည်။
ဒေသတွင်းစစ်ရေးအခြေအနေများကိုမေးမြန်းရန်MNDAA ဘက်သို့ People’s Spring က ယနေ့ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရသေးပေ။
