စစ်ကောင်စီက လေကြောင်း ခုနှစ်ကြိမ်အထိ အသုံးပြုတိုက်ခိုက်ခဲ့သော်လည်း မင်းတပ်မြို့နယ် နှင့်ကျောက်ထု မြို့ကြားရှိ ရွှေအောင်သာကျေးရွာ၊ နှော်စေတီကုန်းအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးထက်မနည်းသေဆုံးကြောင်း CDF Mindatက ပြောသည်။
ပခုက္ကူမှတက်လာသောစစ်ကောင်စီယာဉ်တန်းသည် မင်းတပ်နှင့် ကျောက်ထုမြို့အနီး နှော်စေတီကုန်းသို့ ရောက်ရှိနေစဉ် CDF မင်းတပ်က ဇွန်လ ၂၆ ရက် နံနက်တွင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“စစ်ကောင်စီကဂျက်ဖိုင်တာ နှစ်စီးနဲ့ ခုနှစ်ကြိမ်တိတိ ဗုံးလာကြဲသွားတာပါ။ သူတို့ဘက်က တော်တော်လေး ထိသွားလို့ပါ”ဟု CDF မင်းတပ်မှကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
တိုက်ပွဲသည် ဇွန်လ ၂၆ရက်နံနက်၇ နာရီ မိနစ် ၂၀ ခန့်မှ နံနက် ၈ နာရီခွဲခန့်အထိ အပြင်းအထန်ဖြစ်ခဲ့ကြောင်းသိရသည်။ မြေပြင်တိုက်ပွဲ ပြီးဆုံး၍ တစ်နာရီကျော်အကြာ နံနက် ၉နာရီ ၄၀မိနစ်မှ နံနက် ၁၀နာရီ ၁မိနစ်အတွင်း စစ်ကောင်စီက ဂျက်ဖိုင်တာ နှစ်စီးဖြင့် ခုနှစ်ကြိမ်ဗုံးလာကြဲခဲ့ခြင်းဟု CDF Mindat က ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်က ထိုသို့ဗုံးလာကျဲခြင်းမှာ မြေပြင်စစ်ကြောင်းမှာ တိုက်ပွဲတွင် အထိနာပြီး ပိတ်ဆို့တိုက်ခိုက်ခံရသောကြောင့်ဖြစ်ကြောင်း CDF-မင်းတပ်မှ တပ်ဖွဲ့ဝင်အချို့ကပြောသည်။
တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်းသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ပြီး CDF – Mindat ရဲဘော်တစ်ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ ကြောင်း အသိပေးထားသည်။ စစ်ကောင်စီတပ်သေဆုံးထိခိုက်မှု အခြေအနေကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ ။
ထိုအပြင် မင်းတပ်မြို့ပေါ်တွင်လည်းတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးကြောင်း မင်းတပ် CDF ကထုတ်ပြန်သည်။
ကားကိုးစီးနှင့် ခြေလျင်တပ်ဖွဲ့အင်အား ၂၀၀ခန့်ပါသော အဆိုပါ စစ်ကောင်စီတပ်သည် ပခုက္ကူမြို့မှ ထွက်လာပြီး ဇွန်လ ၂၀ ရက်မှစ၍ ကျောက်ထုမြို့နယ်သို့ ရောက်ရှိလာသည်။ ဇွန်လ ၂၆ရက် နံနက်တွင် ထီးလင်းမြို့ဖက်သို့ ဆက်
လက်ဦးတည်နေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်ခြင်းဖြစ်သည်။လတ်တလောတွင် ယင်းစစ်ကြောင်းသည် ကျောက်ထုနယ်ထဲတွင်သာ ရှိနေသေးကြောင်း သိရသည်။ကျောက်ထု-ထီးလင်းလမ်းပိုင်း၌ လမ်းတလျောက်ဒေသခံများ သတိရှိကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။
