ပုလဲမြို့နယ် ညောင်ကုန်းရွာကို စစ်ကောင်စီကယနေ့ညနေပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုတွင် ၁၅ဦးထက်မနည်း ဒဏ်ရာရပြီး ဘုန်းကြီးတစ်ပါးအပါအဝင် ရှစ်ဦးသေဆုံးကြောင်း ဒေသခံများကပြောသည်။
” မိုးချိမ်းတယ်ထင်တာ။ ပေါက်ကွဲသံတွေကြားတော့မှ လေကြောင်းကနေ ပစ်တာ သိရတာ။ ဒဏ်ရာရတာ ၁၅ ယောက်။ သေဆုံးတာ ရှစ်ဦး” ဟု မြေပြင်တွင် ရှိနေသူတစ်ဦးက People’s Spring သို့ပြောသည်။
ညောင်ကုန်း ကျေးရွာကို ယနေ့ (ဇွန်လ ၂၇ရက်) ညနေ ၃နာရီခွဲခန့်တွင် စစ်ကောင်စီက တိုက်ပွဲမရှိ ၊ PDF များလည်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
စစ်ကောင်စီတပ်သည် ဂျက်ဖိုက်တာဖြင့် တိုက်ခိုက်မှုတွင် ကျယ်လောင်သော ပေါက်ကွဲသံ ငါးကြိမ်ကြားခဲ့ရသည်ဟု ညောင်ကုန်းရွာဒေသခံတစ်ဦးကပြောသည်။

နေအိမ်ငါးလုံး၊ ဘုန်းကြီးကျောင်းတစ်ကျောင်းပျက်စီးပြီး သေဆုံးသူများတွင် အမျိုးသမီးနှစ်ဦးပါဝင်သည်ဟု ဒေသခံများကပြောသည်။ ညောင်ကုန်းရွာတွင် ပြည်သူ့ကာကွယ်ရေးရဲဘော်များ၏ မစစ်ရေးလှုပ်ရှားမှုမှမရှိဘဲ စစ်ကောင်စီက ရုတ်တရက် လေကြောင်းမှလာရောက်တိုက်ခိုက်ခြင်းဟုပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်ကပြောသည်။
စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်မှုစောင့်ကြည့်သောEAR ချန်နယ် ဖော်ပြချက်အရ အဆိုပါတိုက်လေယာဥ်သည် တံတာဦးလေတပ်မှ ညနေ ၃ နာရီ ၁၄မိနစ် တွင်ထွက်ခွားပြီး ညနေ ၄ နာရီတွင်ပြန်လည်ဆင်းသက်သည်ကို တွေ့ရသည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် ၂ နှစ်နှင့် ၂ လ (၂၀၂၃ ဧပြီလအထိ့ ) နိုင်ငံတစ်ဝန်းလေကြာင်းတိုက်ခိုက်မှု ၁၂၄၇ ကြိမ်ပြုလုပ်ခဲ့သည်။လေကြောင်းတိုက်ခိုက်မှုနှင့် လေကြောင်းအကူအညီဖြင့် ပြည်သူများကို သတ်ဖြတ်မှု ၂၇ ကြိမ်ကျူးလွန်ခဲ့ရာ ပြည်သူ ၅၀၈ ဦးသေဆုံးခဲ့ကြောင်း ဥာဏ်လင်းသစ် သုတေသန အဖွဲ့က ထုတ်ပြန်ထားသည်။အဆိုးဝါဆုံးလေကြောင်းတိုက်ခိုက်မှုမှာ ၂၀၂၃ ဧပြီ ၁၁ ရက်က ကန်ြဘလူမြို့နယ် ပဇီကြီးရွာလေကြောင်းတိုက်ခိုက်မှုဖြစ်ပြီး ပြည်သူ ၁၆၈ ဦးသေဆုံးခဲ့သည်။
