မယ်စဲ့ တိုက်ပွဲအတွက် စစ်ကူလာသည့် စစ်ကောင်စီတပ်သားများကို စစ်ကောင်စီတပ်လေယာဥ်က ဇွန် ၂၁ ရက်တွင်ဗုံးကျဲမိပြီး ထိခိုက်သေဆုံးမှုများခဲ့ကြောင်း ဖားဆောင်း PDF တာဝန်ရှိသူက People’s Spring သို့ ပြောသည်။
ဇွန်လ ၂၁ ရက်က ဖားဆောင်းမြို့နယ် သံလွင်အရှေ့ဖက်ကမ်းရှိကျောက်ပန်းညိုကျေးရွာအတွင်းတိုက်ပွဲဖြစ်ပွားနေစဥ်စစ်ကောင်စီက လေကြောင်းပစ်ကူအသုံးပြုတိုက်ခိုက်ခဲ့သည်။
“မနက်ပိုင်း တိုက်ပွဲမှာ ကျွန်တော်တို့ ဘက်ကို ဗုံးက မရောက်ဘဲနဲ့ သူ့တပ်သူ ပြန်ကျဲမိသွားတာပေါ့။အထိတော်တော်နာသွားကြတယ်”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။
ထို့ကြောင့် လေယာဥ်ဖြင့် ဗုံးမှားကျဲမိခဲ့သော ဇွန် ၂၁ ရက်ကစ၍ ယနေ့(ဇွန် ၂၃ )အထိ စစ်ကောင်စီစစ်ကြောင်း များ ဖားဆောင်းမြို့နယ်တွင် ထိုးစစ်ဆင်မှုရပ်နားထားရကြောင်းလည်း ၎င်းကဆက်ပြောသည်။

စစ်ကောင်စီတပ်မှ လေကြောင်းပြန်သန်းမှုများစောင့်ကြည့်ဖော်ပြသော EAR(Enemy Air Route Channel)၏ အချက်အလက်များအရ ဇွန် ၂၁ ရက် နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ Y8 စစ်တပ်သုံးသယ်ယူပို့ဆောင်ရေးလေယာဥ်မှာ နံနက် ၁၀ နာရီ ၄၇ တွင်နေပြည်တော်လေဆိပ်မှ တောင်ဘက်သို့ပျံသန်းခဲ့သည်။ထိုအပြင်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများတွင်အဓိကသုံးသော ဂျက်ဖိုက်တာတစ်စီးမှာနေပြည်တော်လေဆိပ်မှ နေ့ခင်း ၁ နာရီ ၁၂ မိနစ်တွင်ထွက်ခွာခဲ့သည်ကိုသိရသည်။သို့သော်မည်သည့် လေယာဥ်က ဗုံးကျဲသည်ကိုမသိရသေးပါ။
သံလွင်တံတား(ဖားဆောင်း)ဘက် ယခင် ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ-KNPLF)၏ဂိတ်စခန်းတစ်ခုတွင် စစ်ကောင်စီတပ်က တပ်စွဲထားကြောင်းသိရသည်။
“မယ်စဲ့ ဘက်ကိုတပ်ကူထပ်ဖြည့်မယ်ဆို ဒီတံတားက အရေးအကြီးဆုံးပဲ။အခုထိ ကျွန်တော်တို့က ပိတ်ပြီး တိုက်နိုင်နေတယ်။အရင်ရက်တွေက တိုက်ပွဲမှာဆို ဒရုန်းနဲ့ ကင်းထောက်တာတင် သူတို့ဘက်က သေတာနဲ့ ဒဏ်ရာရတာ ၁၀ ဦးကျော်ရှိတယ်။မှတ်တမ်းတွေလဲ မကြာခင်တင်ပေးဖို့ရှိပါတယ်”ဟု ဖားဆောင်း PDF တာဝန်ရှိသူက ပြောသည်။
ဖားဆောင်းမြို့နယ် အသိမ်းမခံရရေးအတွက်စစ်ကောင်စီတပ်က အင်အား ၃၀၀ ထက်မနည်းစစ်ကူစေလွှတ်ထားပြီး တပ်မ ၄၄ လက်အောက်ခံ တပ်ရင်းများမှာ သံလွင်မြစ် အရှေ့ဘက်ခြမ်းကို ထိုးစစ်ဆင်နေသည်။
အဆိုပါထိုးစစ်ကိုဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ် ၊ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်၊လွိုင်ကော် PDF နှင့် EAO-တိုင်းရင်းသားလက်နက်ကိုင်နှစ်ဖွဲ့ ပူးပါင်းထားသောတော် လှန်ရေးရဲဘော်များက ခုခံ တိုက်ခိုက်လျက်ရှိသည်။
မယ်စဲ့ မြို့ရှိစစ်ကောင်စီစခန်းများတိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက်စစ်ကောင်စီက ဇွန်လ ၁၅ ရက်တွင် ဖားဆောင်းမြို့နယ်အတွင်း အင်အားတိုးမြှင့်ခဲ့သည်။စစ်ကောင်စီတပ် စစ်ကြောင်းထိုးလှုပ်ရှားလာပြီးနောက် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဖားဆောင်းမြို့နယ်၌ စစ်ကောင်စီ၏ ခလရ(ခြေလျင်တပ်ရင်း) ၁၃၄ နှင့် ၁၃၅ တို့ အခြေစိုက်တပ်များရှိသည်။
