မွေထိုင်းတွင် ဘရော်နီကာ ၁၃ပွဲဆက်နိုင်ပွဲစံချိန်တင်
ကယန်းလက်ဝှေ့မယ် ဘရော်နီကာသည် ပြိုင်ဘက်ဗီယက်နမ်လက်ဝှေ့မယ် ထရီယူသီကို တတိယအချီတွင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရပြီး မွေထိုင်းပြိုင်ပွဲ၌ ဘရော်နီကာက ၁၃ပွဲဆက် နိုင်ပွဲစံချိန်တင်နိုင်ခဲ့သည်။
ယနေ့ (ဇွန်လ ၁၈) ညပိုင်း၌ ထိုင်းနိုင်ငံတွင် ကျင်းပသည့် Thai Fight : King Of Muay Thai ပြိုင်ပွဲ၏ ၅၃ ကီလိုတန်း အမျိုးသမီး မွေထိုင်းပြိုင်ပွဲအဖြစ် ဘရော်နီကာနှင့် ထရီယူသီတို့ ယှဥ်ပြိုင်ထိုးသတ်ခဲ့ခြင်း ဖြစ်သည်။
ဘရောနီကာနှင့် ထရီယူသီတို့သည် မွေထိုင်းထိုးသတ်ပွဲ သုံးချီအကြိတ်အနယ် ယှဥ်ပြိုင်ခဲ့ပြီး ဘရော်နီကာက ပွဲချိန်အတွင်း အသာစီးထိုးသတ်နိုင်ခဲ့သည့်အပြင် တတိယအချီ၌ ထရီယူသီ ဆက်လက်ထိုးသတ်နိုင်ခြင်း မရှိသည့်အတွက် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
ဘရော်နီကာသည် ဗီယက်နမ်လက်ဝှေ့မယ် ထရီယူသီကို အနိုင်ယူပြီးနောက် မွေထိုင်း ၁၃ ပွဲ ဆက် အနိုင်ထိုးသတ်နိုင်သည့် မှတ်တမ်းကောင်းလည်း ပိုင်ဆိုင်နိုင်ခဲ့သည်။
ကယန်းတိုင်းရင်းသူ ဘရော်နီကာသည် မွေထိုင်းပြိုင်ပွဲ ၁၄ပွဲ ယှဥ်ပြိုင်ထိုးသတ်ရာ တစ်ပွဲသာ ရှုံးနိမ့်ပြီး ၁၃ပွဲဆက် နိုင်ပွဲရရှိထားသူ ဖြစ်သည်။
ဘရော်နီကာသည် ပြီးခဲ့သည့် ဒီဇင်ဘာအတွင်းက ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် Thai Fight 100 years Nakornban ပြိုင်ပွဲတွင်လည်း ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ဂုဏ်ယူဝမ်းမြောက်ကြောင်း မှတ်တမ်းတင် ဂုဏ်ပြုခံထားရသူလည်း ဖြစ်သည်။
