ရှမ်း-ကရင်နီ(ကယား) ပြည်နယ်ကြားရှိ မိုးဗြဲမြို့တိုက်ပွဲ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းထပ်မံသေဆုံးပြီး ကရင်နီပူးပေါင်းတပ်မှ ခြောက်ဦး ဒဏ်ရာရရှိကြောင်း မိုးဗြဲ PDF က ပြောသည်။
ယမန်နေ့ (ဇွန် ၁၆ ရက်) နံနက် ပိုင်းကစ၍ မိုးဗြဲ မြို့တွင် စစ်ကောင်စီတပ်စွဲထားသော စည်းကား ၂ နှင့် ၃ ရပ်ကွက်များတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
“မနက် ၆ နာရီလောက်က တိုက်ပွဲစဖြစ်တယ်။နေ့လည်ပိုင်းလောက်မှာကျွန်တော်တို့ပြန်ဆုတ်ခဲ့တယ်။ရဲဘော်တွေ လက်နက်ကြီး ကျည်စမှန်တာတွေ့တယ်”ဟု မိုးဗြဲ PDF တပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။
ယမန်နေ့က တိုက်ပွဲတွင် MBPDF ၊Loikaw PDF ၊KNDF၊ KA နှင့် မြို့ပြပျောက်ကြားတပ်ဖွဲ့ (URF) တို့ ပူးပေါင်း၍ စစ်ကောင်စီကို တိုက်ခိုက်ခဲ့ကြောင်း မိုးဗြဲPDF က ထုတ်ပြန်သည်။.စစ်ကောင်စီတပ်မှ ဇွန် ၁၅ တိုက်ပွဲတွင်၁၀ ဦးထက်မနည်းသေဆုံးခဲ့သည်ဟုထုတ်ပြန်ချက်ကဖော်ပြထားသော်လည်းPeople’s Spring ကသီးခြားအတည်မပြုနိုင်ပါ ။




တိုက်ပွဲအတွင်း မိုးဗြဲ၊ဖယ်ခုံ၊လွိုင်ကော်ရှိ စစ်ကောင်စီ အခြေစိုက်တပ်များမှ လက်နက်ကြီး ပစ်ကူများစွာပေးခဲ့သည်ဟု သိရသည်။
မိုးဗြဲမြို့၏လက်ရှိစစ်ရေးအခြေအနေမှာဆက်လက်ပြင်းထန်လာနိုင်ဖွယ်ရှိပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသောနေရာများသို့လည်း စစ်ကောင်စီက လက်နက်ကြီး အပါအဝင် လေယာဥ်များအသုံးပြုတိုက်ခိုက်နေ ကြောင်းလည်း မိုးဗြဲ PDF က ထုတ်ပြန်သည်။
ထို့ကြောင့် ပြည်သူများ နေရပ်သို့ (လုံးဝ) မပြန်ကြသေးရန်နှင့် ကျန်ရှိနေသေးသော မိဘပြည်သူများ မိမိတို့၏ လုံခြုံရေးကိုအထူးသတိပြုရန် မိုးဗြဲ PDF က တိုက်တွန်းသည်။
မိုးဗြဲမြို့ကို ခြေကုပ်ယူနိုင်ရန် ကြိုးပမ်းနေသော စစ်ကောင်စီမှ PNO ပြည်သူ့စစ် နှင့်ပူးပေါင်းကာ အင်အား ၄၀၀ ခန့်ဖြင့် ယခုလဆန်းပိုင်းကစ၍ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ စစ်တပ်နှင့် PNO ပြည်သူ့စစ်ပူးပေါင်းစစ်ကြောင်းသည် မိုးဗြဲ မြို့ စည်ကား ၂၊၃ ရပ်ကွက်တွင် ကနဦး တပ်စွဲထားပြီး အရပ်သားပြည်သူများကို ဖမ်းဆီးထားပြီး ပြည်သူ ၃၀ ဦးခန့်ကို သတ်ဖြတ်ထားသည်။
ထိုကြောင့်စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်နှင့်ဒေသခံကာကွယ်ရေးတပ်များက ဆက်တိုက် ခုခံတိုက်ခိုက်နေသည်။
