မြန်မာ့ကမ်းရိုးတန်းဒေသများ၌မုတ်သုံလေအားကောင်းနေပြီး ရခိုင်ပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ်သုံးခု၌ မိုးကြီးနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)က သတင်းထုတ်ပြန်သည်။
ဇွန်လ ၁၅ရက်(ယနေ့)မှ ဇွန်လ ၁၈ရက်အတွင်း ရခိုင်ပြည်နယ်၊ ကချင်နှင့်မွန်ပြည်နယ်၊တနင်္သာရီတိုင်းတို့တွင် နေရာကွက်၍ မိုးကြီးမည့်သတိပေးချက်ကို ထုတ်ပြန်ထားခြင်းဖြစ်သည်။
” မိုးက ဆက်တိုက်ကို ကောင်းနေတာပါ။ ရွာရင်တစ်နာရီလောက် မနားတမ်းရွာတာ။ ချောင်းတွေတော့ ရေပြည့်ရေလျှံဖြစ်နေပြီ”ဟု တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှ ဒေသခံတစ်ဦးကပြောသည်။
မြန်မာနိုင်ငံအလယ်ပိုင်းမန္တလေးတိုင်းတွင်လည်း ယခုရက်ပိုင်းမိုးဆက်တိုက်ရွာသွန်းနေသည်မှာ ၃၊ ၄ ရက်ရှိပြီဖြစ်ကြောင်းဒေသခံများကပြောသည်။
ယခုနှစ် အနောက်တောင်မုတ်သုန်လေသည် မြန်မာတစ်နိုင်ငံလုံးသို့ ဇွန်လ ၉ ရက်တွင် အပြီးသတ်ဝင်ရောက်ခဲ့သည်ဟု
MOHADMက သတင်းထုတ်ပြန်သည်။ မုတ်သုံလေဝင်ရောက်ပြီးပါက ဒေသအများစု မိုးကောင်းပြီး ရေကြီးရေလျှံလေ့ရှိသည်။
